DVB Logo
Home
Lead Story
ကလေးကစားစရာ သေနတ်များ ပိတ်ပင်ရန် ပါကစ္စတန်အစိုးရ စီစဉ်
DVB
·
November 15, 2013
ကလေးကစားစရာ သေနတ်များ ပိတ်ပင်ရန် ပါကစ္စတန်အစိုးရ စီစဉ်
Donate to DVB

ပါကစ္စတန်က ကလေးတွေကြားမှာ အိုစမာဘင်လာဒင်လို့ နာမည်ပေးထားတဲ့ ကလေးကစားစရာ သေနတ်ဟာ အလွန်လူသိများ ထင်ရှားနေပါတယ်။ အိုစမာသေနတ်တွေကို ကရာချီမြို့ ဈေးကွက်မှာ ရောင်းချနေတာ ဖြစ်ပြီး ၀ယ်လိုအားလည်း မြင့်မားလာနေတာ ဖြစ်ပါတယ်။ သေနတ်ကို ဒီနှစ် ရာမဒန် ဥပုသ်လအတွင်း စပြီး ရောင်းချခဲ့တာ ဖြစ်ပြီး ဥပုသ်လရဲ့ နိဂုံး အထိမ်းအမှတ်အဖြစ် လက်ဆောင်အဖြစ် ရောင်းချခဲ့ရတာာပါ။

Pakistan_Toy_Guns_web_131109_672အသက် ၅ နှစ်ရှိပြီဖြစ်တဲ့ ဘီလားလ်ဟာ သူအိမ်နားက ပန်းခြံထဲမှာ သူငယ်ချင်းတွေနဲ့ ကစားနေပါတယ်။ သူတို့က ၂ ဖွဲ့ ခွဲပြီး သူခိုး၊ ပုလိပ် လုပ်တန်း ကစားနေကြတာ ဖြစ်ပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ ကိုယ်ပိုင် ကစားစရာ သေနတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။

ဘီလားလ်ရဲ့အမေဖြစ်သူ ရာဟီလာခန်က “ကျမ က ဘီလားလ် လိုချင်တာ ဘာမဆို ၀ယ်ပေးဖို့ ကြိုးစားပါတယ်။ ရှင်တို့ ကျမတို့ တိုင်းပြည်ရဲ့ အခြေအနေကို သိပါတယ်။ ကျမတို့က ကျမတို့ ကလေးတွေအတွက် ကစားစရာ ကောင်းကောင်းတွေ ၀ယ်မပေးနိုင်ကြဘူးလေ။”

ကရာချိက ဈေးတိုင်းလိုလိုမှာ ကလေးကစားစရာ သေနတ် ရောင်းတဲ့ဆိုင် ၂၀ နဲ့ ၃၀ လောက်တော့ ရှိပါတယ်။

ကလေးကစားစရာ သေနတ်တွေကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောင်းချခဲ့တဲ့ အူမာရှားက “ကစားစရာ သေနတ်ရဲ့ ၀ယ်လိုအားက မြင့်တက်နေပါတယ်။ အထူးသဖြင့်တော့ အိဒ်း ပွဲတော်ကာလ ဒါမှမဟုတ် တခြားအထိမ်းအမှတ်ပွဲတွေမှာပေါ့ဗျာ။ မိဘတွေက သူတို့ကလေးတွေ ခေါ်ပြီး လာဝယ်ကြပါလိမ့်မယ်။ ဈေးအပေါဆုံးသေနတ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ တောင်မရှိပါဘူး။ ဈေးအကြီးဆုံးကတော့ ၁၃ ဒေါ်လာ ၀န်းကျင် လောက်ရှိပါတယ်” လို့ ပြောပါတယ်။

ကရာချိတက္ကသိုလ် စိတ်ပညာဌာနက လက်ထောက်ပါမောက္ခ ဒေါက်တာ ဆမ်မန်ရှာဇတ်က ဒီကိစ္စကို လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက သုတေသနတချို့လုပ်ခဲ့ပါတယ်။

သူက ပါကစ္စတန်မှာ တရားဥပဒေနဲ့ တည်ငြိမ်အေးချမ်းမှု အခြေအနေက ကလေးတွေအပေါ် ရိုက်ခတ်မှု အကြီးအကျယ် ရှိပါတယ်။ ဗုံးပေါက်ကွဲမှုတွေ၊ ဦးတည်ပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေက ဒီမှာ နေ့တိုင်း ဖြစ်နေတာပဲလို့ ပြောပါတယ်။

အဲဒါကြောင့် ကလေးတွေက ပညာရေးဆိုင်ရာ ကစားစရာတွေ ၀ယ်ရမယ့်နေရာမှာ ကစားစရာသေနတ်တွေ ၀ယ်တာကို ပိုပြီး နှစ်သက်လာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အခြေခံ တာဝန်ရှိမှုကတော့ မိဘတွေပေါ်မှာပါပဲ။ သူတို့က သူတို့ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးကို သိသင့်ပါတယ်။ သူဘာ ကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲ၊ ဘယ်လို သူငယ်ချင်းမျိုးတွေ ရှိနေလဲ သိရမယ်လေ။ မိဘတွေက သူတို့ကလေးရဲ့ မွေးနေ့လက်ဆောင်အဖြစ် ကစားစရာသေနတ် ၀ယ်ပေးတဲ့အချိန်မှာ အဲဒါဟာ အန္တရာယ် ဖြစ်စေသလို ထိတ်လန့်စရာလည်း ဖြစ်တယ်ဗျ။ အဲဒီ လားရာကို လျှော့ချနိုင်ဖို့ ကျနော်တို့က ကလေးတွေအတွက် ၀န်းကျင်ကောင်းတခုကို ဖန်တီးပေးရမယ်လေ။ ကျနော်တို့က မိဘတွေကို သူတို့ကလေးတွေကို ကစားစရာ သေနတ်အစား စာအုပ်တွေ ၀ယ်ပေးဖို့ ပညာပေးရမယ်။”

ကရာချိမှာ ရောင်းနေတဲ့ ကစားစရာသေနတ်တွေရဲ့ တ၀က်လောက်ဟာ နိုင်ငံခြားက တင်သွင်းလာတာ ဖြစ်ပါတယ်။

ကရာချိ အစိုးရ ကော်မရှင်နာ ရွှိုက် အာမက် ဆစ်ဒစ်က သူ့အနေနဲ့ မကြာခင်မှာ ကူးသန်းရောင်းဝယ်ရေးအဖွဲ့ကို ကစားစရာ သေနတ်တွေ တင်သွင်းမှုကို ကာကွယ်တားဆီးဖို့ ဆွေးနွေးမယ်လို့ ပြောပါတယ်။

“အခြေအနေကို မိဘတွေ သိမြင်နားလည်ဖို့ ကျနော်တို့ လုပ်ပါမယ်။ ကျနော်တို့ အဲဒါနဲ့ ပတ်သက်ပြီး ကူးသန်းရောင်းဝယ်ရေးအဖွဲ့ကို စကားပြောပါမယ်။ ဘာလို့လဲဆိုတော့ ကစားစရာ သေနတ် ၆၀ ရာခိုင်နှုန်းကျော်ကျော်ဟာ နိုင်ငံခြားက တင်သွင်းတာတွေပါ။ နောက် ကျနော်တို့ လွှတ်တော်မှာ ဥပဒေ ပြုဖို့ စလုပ်ပါမယ်။ နောက်ပြီး ကစားစရာ သေနတ်တင်သွင်းမှုကို ပိတ်ပင် တားဆီးပါမယ်။ ကလေးတွေက ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ပါ။ ကျနော်တို့က သူတို့ကို အကြမ်းဖက်သူတွေနဲ့ သည်းမခံတတ်တဲ့လူတွေ ဖြစ်မလာစေချင်ပါဘူးဗျာ။”

ကလေး ၃ ယောာက်ရဲ့ မိခင် အတီးမီဟာက သူ့ကလေးတွေ ကစားစရာသေနတ်တွေနဲ့ ကစားနေတာကို သူ တားလို့ မရဘူးလို့ ပြောပါတယ်။ ဒီတော့ အဲဒီ အစား သူက ကလေးတွေနဲ့ အတူ ကစားပေးပြီး သေနတ်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး ပညာပေးပါတယ်။

“ကလေးတွေမှာ ဖြေဖျော်ရေး ဒါမှမဟုတ် လှုပ်ရှားမှုတွေ များများစားစား မရှိကြပါဘူး။ ဒီတော့ အကောင်းဆုံးအဖြေကတော့ ကလေးတွေ ဘာလုပ်နေကြတယ်ဆိုတာကို အနီးကပ် စစ်ဆေး ကြည့်ရှုဖို့ပါ။”

ခါဝါခန်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန်နိုင်ငံ ကရာချိမြို့ကနေ သတင်း ပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013