DVB Logo
Home
နိုင်ငံရေး
စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် ဖြစ်လာနေတဲ့ မြန်မာ
DVB
·
May 20, 2021
စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မြန်မြန်ဆန်ဆန် ဖြစ်လာနေတဲ့ မြန်မာ
Donate to DVB

စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေဟာ ပြောက်ကျားသပိတ်တွေအဖြစ်သို့ တဖြည်းဖြည်းကူးပြောင်းနေတယ်လို့ မြန်မာ့အရေးအစဉ်တစိုက်ရေးသားနေတဲ့ ဝါရင့်သတင်းစာဆရာ ဘာတေးလစ်တနာ  အာရှတိုင်းမ်သတင်းမှာ ရေးသားလိုက်ပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စစ်ကောင်စီက လေယာဉ်ပျံသုံးပြီး ဗုံးတွေကြဲချသလိုပဲ၊ စစ်ကောင်စီရဲ့ လေယာဉ်ကွင်းတွေ၊ လေတပ်အခြေစိုက်စခန်းတွေကိုလည်း ရော့ကက်နဲ့ပစ်ခံနေရပါတယ်။ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ မွန်နဲ့ ချင်းပြည်နယ်ရဲ့ မြို့အသီးသီးမှာ ဗုံးတွေပေါက်နေပြီး၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေအဖို့ ကရင်နဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်တွေထံ ခိုလှုံမှုတွေ များလာပါတယ်။

မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ အခုချိန်မှာ တိုင်းရင်းသားဒေသတွေကနေ အဓိကကျတဲ့ မြို့တွေထိ ပျံ့နှံ့လာတာတွေ့ရပြီး တိုက်ခိုက်မှုတွေမှာ တိုင်းရင်းသားတွေတင်မကဘဲ ဗမာလူငယ်တွေလည်း ပါဝင်လာတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ပစ်မှတ်မျိုးစုံကို တိုက်ခိုက်မှု မြင့်တက်လာနေပါတယ်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးတွေ မီးရှို့ခံရတာ၊ စစ်တပ်ရဲ့  ရိက္ခာပို့တဲ့ယာဉ်တွေကို မီးရှို့တာတွေလည်း များပြားလာပါတယ်။

သတင်းတွေအရ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကနေ အကြမ်းပတမ်း ဆန့်ကျင်မှုတွေအဖြစ်သို့ ကူးပြောင်းလာတာကတော့ စစ်သားနဲ့ရဲတွေရဲ့ သေအောင်ရည်ရွယ်ပြီး ဦးခေါင်းကိုချိန်ပစ်တာ၊ စနိုက်ပါနဲ့ ပစ်ခတ်တာ၊ ၅ နှစ်သားအရွယ်ကလေးကိုတောင် ပစ်သတ်တာတွေကြောင့်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီး သုံးလခွဲကြာတဲ့အထိ လူတွေဟာ ချီတက်ဆန္ဒပြပြီး စစ်တပ်ကို အာခံနေဆဲ ဖြစ်ပါတယ်။

 သတင်းရင်းမြစ်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ တချို့သတင်းတွေအရ မောင်းပြန်သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေကို ရန်ကုန်ရှိ  ဆန့်ကျင်သူတွေထံသို့ ပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။  မြန်မာဟာ တရားဝင်စီးပွားရေးထက် တရားမဝင်စီးပွားရေးကဏ္ဍက ပိုများပြီး တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖေါ်ပြလေ့မရှိတာမို့ လုံးဝကျရှုံးနိုင်ငံဖြစ်ပြီလို့ ဆိုနိုင်ဖို့ခက်ခဲနေပေမဲ့၊ နိုင်ငံဟာ အခုချိန်မှာတော့ သေချာပေါက် ကျရှုံးနိုင်ငံဖြစ်နေပါပြီ။

ထောင်နဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာ၊ဆရာမတွေ အာဏာဖီဆန်ရေးကြောင့် အလုပ်ဖြုတ်ခံနေရပြီး၊ ဘဏ်တွေဟာလည်း ငွေသားကုန်ခမ်းနေပါတယ်။ တချို့လူတွေက ကံကောင်းစွာနဲ့ သူတို့ရဲ့ငွေစာရင်းထဲကငွေကို ၈ ရာခိုင်နှုန်း၊ ၉ ရာခိုင်နှုန်းပေးပြီး ငွေသား ထုတ်ယူနေရပါတယ်။

စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေကို အမေရိကနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ပိတ်ဆို့မှုတွေက တားဆီးနိုင်စွမ်းမရှိတာလည်း အသေအချာပါပဲ။ ကုလသမဂ္ဂရဲ့ အပြင်းထန်ဆုံး ဆောင်ရွက်နိုင်တာကတော့၊ စစ်ကောင်စီအပေါ် လက်နက်ပိတ်ပင်မှုကို ချက်ခြင်း ဆုံးဖြတ်ချက်ချတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ "လိုက်ချမန်စတိန်း" ဆိုတဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ ဥရောပနိုင်ငံငယ်လေးက အဆိုတင်သွင်းပြီး ဥရောပသမဂ္ဂ၊ ယူကေ၊ ယူအက်စ်၊ တို့က ထောက်ခံထားတဲ့ ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်မှာလည်း  အသေအချာပါပဲ။

အသေချာဆုံးကတော့ မင်းအောင်လှိုင်ရဲ့ အသိအမှတ်ပြုခံလိုမှုနဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်လိုတဲ့ ဆန္ဒဟာ ရူးသွပ်မှုတခုပါပဲ။ ကာကွယ်ရေးဦးစီးချုပ်တယောက်အနေနဲ့ သူဟာ အရင်လူတွေထက် ချစ်ကြည်ရေးခရီး‌တွေ ပိုပြီးထွက်ခဲ့ပါတယ်။ တရုတ်၊ ရုရှား၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူ၊ နီပေါ၊ ပါကစ္စတန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ ဂျပန်၊ တောင်ကိုရီးယား၊ အစ္စရေး၊ ဘီလာရု၊ ဆာဗီးယား၊ ဘရူနိုင်း နိုင်ငံတွေအပြင် ဘယ်လ်ဂျီယန်၊ ဩစတီးယား၊ ဂျာမနီနဲ့ အီတလီနိုင်ငံတွေကိုတောင် ခြေဆန့်ခဲ့ပါတယ်။

ဒီနိုင်ငံတွေအနေနဲ့ နောက်ထပ်တကြိမ် ကြိုဆိုမှာတော့ မဟုတ်တော့ပါဘူး။ သူ့ရဲ့ အနာဂတ်ရပ်တည်မှုကတော့ ခပ်လှုပ်လှုပ်ပါပဲ။ ဝေဖန်ဆန်းစစ်သူတွေကတော့ သူဟာ တပ်ချုပ်တယောက်အနေနဲ့ စစ်တပ်ကို လူထုရဲ့အမြင်မှာ သိက္ခာမဲ့အောင်လုပ်ခဲ့ခြင်းအားဖြင့် သူ့ရဲ့အမွေကို သူ့လက်နဲ့ ဖျက်ဆီးပစ်လိုက်တာပဲလို့ ဆိုနေကြပါတယ်။

ဒါပေမဲ့ သိက္ခာဆယ်တဲ့အနေနဲ့ တပ်က သူ့ကို ရာထူးကဖယ်ရှားလိုက်တာတောင်မှ သူ့ကို ဆက်ခံမယ့် ခေါင်းဆောင်အတွက်၊ ၂၀၁၁ ခုနှစ် ဒီမိုကရေစီကို ဖွင့်ပေးတဲ့အချိန်ကနေ အခုအာဏာသိမ်းချိန်ထိ ကာလတုန်းကလို့ လူထုထောက်ခံမှုရဖို့ အာမခံချက်မရှိတော့ပါဘူး။

 ဘာတေးလစ်တနာရဲ့ ဆောင်းပါး ‘A wider war spreads fast and far in Myanmar’ ကို ဆီလျော်အောင်ပြန်ဆိုသည်။

အေးမင်း (တာမွေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013