လီဗာပူး တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ ခရစ္စတယ်ပဲလေ့စ်ကို (၃-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံတောက်ကြောဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ကျန်ရာသီပွဲစဉ်တွေကို မကစားနိုင်တော့ဘူးလို့ အီဂျစ်လက်ရွေးစင်အသင်း ဒါရိုက်တာ အီဗရာဟင် ဟမ်ဆန်က ဧပြီ ၂၆ ရက်မှာ ပြောပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ အီဂျစ်တောင်ပံကစားသမား ဆာလာဟာ ရာသီအဆုံးမှာ လက်ရှိ လိဂ်ချန်ပီယံအသင်းကနေ ထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ် မိနစ် ၆၀ မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းထဲကနေ ထွက်ခွာချိန်မှာ လီဗာပူးကလပ်အသင်း ပရိသတ်တွေက လက်ခုတ်တီး အားပေးနှုတ်ဆက်ခဲ့ကြပါတယ်။
လီဗာပူးအသင်းကတော့ ဆာလာရဲ့ လက်ရှိဒဏ်ရာအခြေအနေကို အတိအလင်း မကြေညာသေးပါဘူး။
နိုင်ငံအသင်း ဒါရိုက်တာကတော့ ဆာလာရဲ့ တံတောက်ကြော ကြွက်သားဒဏ်ရာကြောင့် ကုသဖို့ ၄ ပတ်လောက် အချိန်ယူရမယ်လို့ ရိုက်သတင်းဌာနကို ပြောပါတယ်။
ဒဏ်ရာကြောင့် ဆာလာရဲ့ လီဗာပူးကစားသမားဘဝ နောက်ဆုံးပွဲစဉ်တွေ လွဲချော်မှာကို နည်းပြ အာနဲစလော့က စိုးရိမ်နေပါတယ်။
ဆာလာဟာ ရာသီကုန်မှာ အသင်းကထွက်မှာဖြစ်ပြီး လက်ကျန် ၄ ပွဲမှာ ပြန်ကစားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
နည်းပြစလော့က "နိုင်ပွဲရတိုင်း ဒဏ်ရာပြဿနာပါလာတာ ဒီရာသီရဲ့ ပုံပြင်လိုဖြစ်နေပြီ" လို့ ညည်းတွားခဲ့သလို ဂိုးသမား ဝုဒ်မန်း ဒဏ်ရာရနေချိန် ပဲလေ့စ်ဘက်က ဂိုးသွင်းယူခဲ့တဲ့အပေါ် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။
လတ်တလောမှာ လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းနေပေမဲ့ ဆာလာရဲ့ဒဏ်ရာက အသင်းအတွက် သတင်းဆိုးဖြစ်နေပါတယ်။
လီဗာပူးအသင်းနဲ့အတူ ၉ နှစ်တာ ကာလမှာ ဆုဖလားများစွာ ရယူပေးနိုင်ခဲ့တဲ့ ဆာလာရဲ့ နောက်ဆုံး နှုတ်ဆက်ပွဲကို ဘရန့်ဖို့ဒ်နဲ့ ဒီနှစ်ရာသီ နောက်ဆုံးပွဲစဉ်အပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်စကားပြောဖို့ စီစဉ်ထားပါတယ်။










