
မကွေးတိုင်းထဲက ရေနံမှော်တွေဆီ ဦးတည်နေတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ ဩဂုတ် ၁၉ ရက်အထိ တောင်စုံရွာမှာတပ်စွဲထားပြီး ဝဲတူးရေနံမှော်ထဲထိ မဝင်ရောက်နိုင်သေးဘူးလို့ အညာတမာ ပြန်ကြားရေးတာဝန်ရှိသူက အတည်ပြုပါတယ်။
အညာတမာ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ပြည့်ဖြိုးကျော်က “လက်ရှိအချိန်ထိ ဒီကောင်တွေက ဝဲတူးထိ ရောက်မလာသေးဘူးအစ်ကို။ ကျောက်ခွက်ထိန်းချုပ်ထားတယ်တို့ ဘာတို့က ဝါဒဖြန့်နေတဲ့ အဆင့်ပဲရှိတာပါ။ တကယ်တမ်းက တောင်စုံရွာထဲမှာပဲ ရှိသေးပါတယ်ဗျ။ အခုရက်ပိုင်းတော့ လေကြောင်းနဲ့ ရွာမီးရှို့တာမရှိသေးပါဘူး။ ဒါပေမဲ့ တောင်စုံကနေ ရှေ့ကိုတိုးဖို့ လုပ်နေတာတော့ ရှိပါတယ် ” လို့ DVB ကို ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဩဂုတ် ၁၆ ရက်ကလည်း စစ်ကြောင်းထိုးခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေက မိုင်းနဲ့တိုက်ခိုက်တာကြောင့် နောက်ပြန်ဆုတ်ခဲ့ရပြီးနောက်ပိုင်း အခုချိန်ထိ ဝဲတူးထဲ မဝင်နိုင်သေးတာ လို့ တခြား ရဲဘော်ကလည်း ပြောပါတယ်။
“စကစတွေ ဘယ်လာလာ ပြန်ဆုတ်ကြရမှာ ကျိန်းသေပါပဲ။ အချိန်တခုတော့ ယူရတာပေါ့။”
ပြီးခဲ့တဲ့ ဇွန်လလောက်ကစလို့ မြိုင်နယ်ထဲကို ၂ လဝန်းကျင်အကြာတဲ့အထိ လှည့်ပတ် စစ်ကြောင်း ထိုးနေတဲ့ အဲဒီစစ်ကြောင်းဟာ ခန့်မှန်းအင်အား ၅၀၀ ဝန်းကျင်ရှိပြီး ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ ထွက်ခွာလာတာလို့ သိရပါတယ်။
အင်အားဖြန့်ခွဲပြီးတက်လာတဲ့ အဲဒီစစ်ကြောင်းဟာ ယာကြီးပြင်မှ မှန်ရင်းရွာ၊ မှန်ရင်းရွာမှတဆင့် တောင်စုံရွာကို လူလှိုင်းထိုးထွက်လာခဲ့လို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါအပြင် စစ်ကြောင်း ဖြတ်သန်းရာလမ်းပေါ်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာကျော်ကို ဝင်ရောက် မီးတင်ရှို့ခဲ့တာကြောင့် နေအိမ် ၃၀၀ ကျော် မီးလောင်ခဲ့ရသလို ခန့်မှန်းခြေ ပြည်သူ ၂၉ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
စိုးသူအောင်











