DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအတွက် ယူရိုသန်း ၉၀ အီးယူ ကူမည်
DVB
·
November 14, 2013
မြန်မာနိုင်ငံအတွက် ယူရိုသန်း ၉၀ အီးယူ ကူမည်
Donate to DVB

မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနဲ့ ပညာရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အီးယူက ယူရိုသန်း ၉၀ ကို ၂၀၁၃ -၁၄ ကနေ ၂၀၂၀ အထိ နှစ်စဉ် ထောက်ပံ့ကူညီပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။

EU1သတင်းထုတ်ပြန်ချက် မှာ  ဥရောပကော်မရှင်မင်းကြီး Andris Piebalgs က “မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် စိန်ခေါ်မှုတွေကိုတော့ ကျနော်တို့ မေ့သွားမှာမဟုတ်ပါဘူး။ နိုင်ငံမှာလိုအပ်တဲ့ ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင်နေသမျှ အီးယူကလည်း အဓိကပံ့ပိုးကူညီသူအဖြစ် ရပ်တည်နေမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
အီးယူ-မြန်မာ task force  ရဲ့ စီးပွားရေးဆိုင်ရာ  ဆွေးနွေးပွဲကို ရန်ကုန်မြို့က   ကုန်သည်စက်မှု အသင်းချုပ်ရုံးမှာ ကျင်းပနေပါတယ်။

သမ္မတရုံး  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေအပေါ် ဖွံ့ဖြိုးတိုးတက်စေဖို့ ကြီးမားတဲ့ အထောက်အပံ့တွေ ပေါ်ထွက်လာမယ်လို့ ပြောပါတယ်။

ဒါ့ပြင်   မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်သစ်ကို တည်ဆောက်နေသလို လူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်နေတာကြောင့်  အီးယူအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့  မြန်မာလူထုအတွက် ကူညီပံ့ပိုးပေးစေလိုတယ်လို့လည်း တိုက်တွန်းသွားပါတယ်။

ဆွေးနွေးပွဲမှာ  အီးယူနဲ့ မြန်မာနိုင်ငံက အဆင့်မြင့်အရာရှိတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ပေါင်းအယောက်  ၄၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့တာပါ။

နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာအကြံပေးအရာရှိ ဒေါက်တာအောင်ထွန်းသက် ကတော့ အီးယူနဲ့ မြန်မာဆက်ဆံရေးက ဒီတွေ့ဆုံဆွေးနွေးမှုကတဆင့် နိုင်ငံရေးနဲ့ စီးပွားရေးအရလည်း ပိုမိုပွင့်လင်းလာမယ်လို့ ပြောပါတယ်။

“လူများများလာလေ ကောင်းလေ။ အထူးသဖြင့် အီးယူတို့လို အရင်တုန်းက ဆက်ဆံမှု မရှိတဲ့ နိုင်ငံလာရင် ပိုကောင်းတာပေါ့။ သူတို့ဆီက နည်းပညာလည်း ရမယ်။ သူတို့ဆီက အရင်းအနှီးလည်း ရမယ်။ ဆရာတို့လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အထောက်အကူ ဖြစ်စေမယ့်ဟာတွေ ဖြစ်ပါတယ်။ နိုင်ငံရေးတခုတည်းကို ကြည့်လို့မရဘူး။ စီးပွားရေးတခုတည်းကို ကြည့်လို့ မရဘူး။ နှစ်ခုလုံးကို တွဲကြည့်ရမယ်။ အရင်တုန်းက နိုင်ငံရေးအရ ဆက်ဆံမှုမရှိတဲ့ အီးယူကို ဆက်ဆံတော့ အခု စီးပွားရေး ပွင့်လာမယ်။ အဓိက အနှစ်သာရက အဲဒါပါပဲ။”

ကုန်သည်အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကတော့ ဒီဆွေးနွေးပွဲဟာ   မြန်မာနိုင်ငံရဲ့  အပြောင်းအလဲ လုပ်ဆောင်ချက်တွေရဲ့ ရလဒ်ဖြစ်တယ်လို့ ပြောပါတယ်။

“ဖယ်ကျင်ထားတာ ကြာပြီးတော့ အခုမှ ဆေးဖော်ကြောဖက်လုပ်လာတဲ့ အချိန်မှာ နိုင်ငံတော်ရဲ့ အပြောင်းအလဲတွေကို ကျေနပ်အားရလာအောင် နိုင်ငံတော် သမ္မတကြီး ဦးဆောင်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ လုပ်လာတော့ အားလုံးက ကျေနပ်တယ်။ ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရမှာ တော်တော်လေးလျင်မြန်တယ်။ ဒီဥစ္စာကို အာရုံစိုက်ပြီး စိတ်ဝင်တစားနဲ့ လုပ်တဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံက ထူးခြားတဲ့အတွက် သူတို့ ဒါကို ချီးမြှောက်ချင်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီ လမ်းကြောင်းကနေ မသွေဖည်အောင်လို့ ပံ့ပိုးချင်တဲ့ ဆန္ဒနဲ့ ဒီမှာလာပြီး လုပ်တာပါ။”

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အီးယူ- မြန်မာအထူးလုပ်ငန်းအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို   နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်အထိ  ရန်ကုန်နဲ့ နေပြည်တော်မှာ ကျင်းပနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013