DVB Logo
Home
မြန်မာသတင်း
အိုအိုင်စီ အလိုမရှိ လားရှိုးတွင် ဆန္ဒပြ
DVB
·
November 14, 2013
အိုအိုင်စီ အလိုမရှိ လားရှိုးတွင် ဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  အိုအိုင်စီခေါ် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေရဲ့ ခရီးစဉ်ကို  ကန့်ကွက်တဲ့အနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

Untitled-2 copyရဟန်းသံဃာတွေအပါအ၀င် ရာနဲ့ချီတဲ့  လားရှိုးဒေသခံတွေဟာ  ဒီကနေ့မွန်းလွဲပိုင်းက လားရှိုးမြို့ မြို့တော်ခန်းမအနီးမှာ အိုအိုင်စီအဖွဲ့ကို အလိုမရှိကြောင်း ပိုစတာတွေ ကိုင်စွဲပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကို     ဦးဆောင်ပါဝင်သူ တဦးဖြစ်တဲ့   ဦးတင်မောင်ဝင်းက “စက်တင်ဘာတုန်းက နယူးယောက်မြို့မှာ အိုအိုင်စီဘက်က ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီးမွန်းကို ဘာပြောသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာအရေးပြဋ္ဌာန်းချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ပြင်ဆင်ဖို့ ကြိုးစားသွားမယ်လို့ ပြောတယ်။ အခုသူတို့လာတဲ့ ရည်ရွယ်ချက်က ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ရေးဆိုတာ ယုံကြည်တယ်။ ဒါကြောင့် အဲဒါကို ကန့်ကွက်တာ။ နောက်တခုက မြန်မာနိုင်ငံမှာ အိုအိုင်စီရုံးဖွင့်မှာကို စိုးရိမ်တယ်။ အဲဒါကို ကန့်ကွက်တာ၊ အဓိက အဲဒီ ၂ ခုပါ” လို့ ပြောပါတယ်။

အခုဆန္ဒပြတာဟာ အိုအိုင်စီက လာရောက်အကူအညီပေးတဲ့ ကိစ္စကို ကန့်ကွက်တာမဟုတ်ဘဲ  မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို  ပြင်ပအဖွဲ့အစည်းကနေ စွက်ဖက်မှုကို လက်မခံနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြခွင့်ရဖို့အတွက် မနေ့တုန်းက မြို့နယ်ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံခဲ့ပြီး ဒီကနေ့မနက်မှာ ခွင့်ပြုချက်ရလို့ မြို့ခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်တယ်။

ဒီဆန္ဒပြမှုဟာ  အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေ ပါဝင်တဲ့အဖွဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပြန်လည်ထူထောင်ရေးအခြေအနေတွေ လေ့လာဖို့ ရောက်ရှိနေတဲ့ အချိန်လည်း  ဖြစ်ပါတယ်။

အိုအိုင်စီအဖွဲ့ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၃ ရက်နေ့က ရောက်ရှိခဲ့ပြီး အစိုးရအရာရှိတွေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး လုပ်ငန်းကော်မတီအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘင်္ဂါလီ လူမှုအဖွဲ့အစည်း၊ ရခိုင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိနေတယ်လို့ သိရပါတယ်။

အိုအိုင်စီအဖွဲ့ရဲ့ ခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မှာ ဆန္ဒပြခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေမှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013