
ရုရှားဒီဇယ်ကို အမေရိကန်နဲ့ ကမ္ဘာနိုင်ငံတွေဆီကို ပို့ဖို့ သဘောတူညီမှုရခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်သက်တမ်းလယ်ရွေးကောက်ပွဲမတိုင်မီ လောင်စာဈေးနှုန်း လျော့ကျစေမှာဖြစ်တယ်လို့ ဆိုပေမဲ့ ဒီပမာဏာက ဈေးနှုန်းသိသိသာသာ လျော့ကျမှာ မဟုတ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
စိုက်ပျိုးရေး၊ အိမ်သုံးနဲ့ ကုန်တင်ကားတွေမှာ အသုံးပြုတဲ့ ဒီဇယ်ဈေးနှုန်း စံချိန်တင်နီးပါး မြင့်တက်ချိန်မှာ ရုရှားဒီဇယ်ရောင်းချမှု ပေါ်လာတာဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၃ ရက် လွှတ်တော်ရွေးကောက်ပွဲကလည်း လွှတ်တော်မှာ ထိန်းချုပ်ခွင့်ရဖို့ အဆုံးအဖြတ် ဖြစ်နေပါတယ်။
ရုရှားက ဒီဇယ်ရောင်းချပေးတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတပူတင်ကို ကျေးဇူးတင်ကြောင်းနဲ့ ကြီးမားတဲ့သဘောတူညီမှုတခုဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ဟာ ၂၀၂၂ ခုနှစ်အစက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားရဲ့ ရေနံကုမ္ပဏီ တွေကို ဆန်းရှင်းလုပ်ခဲ့ပေမဲ့ ပုံမှန်မဟုတ်တဲ့ ကုန်သွယ်မှုဖြစ်လာတာပဲဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက ထရမ့်ပ်ရဲ့ လုပ်ရပ်က ပူတင်ကို လက်ဆောင်ပေးသလို ဖြစ်နေကြောင်း ဝေဖန်ထားပါတယ်။
ဇလန်းစကီးက“ပူတင်ကို လက်ဆောင်တွေပေးတာက ငြိမ်းချမ်းရေးတွေ၊ ကမ္ဘာကိုလည်းဘာ ကောင်းကျိုးမှ ဖြစ်လာစေမှာ မဟုတ်ပါဘူး။ ရုရှားဟာ ဒီဇယ်ကို အကြမ်းဖက်မှုတွေ၊ သစ္စာမဲ့မှုတွေနဲ့ ပြန်ပေးဆပ်မှာဖြစ်ပါတယ်”လို့ ဆိုရှယ်မီဒီယာ X မှာ ဖော်ပြထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနက ရုရှားဒီဇယ်တင်ပို့မှုကို ဧပြီ ၇ ရက်အထိ ခွင့်ပြုတဲ့ တင်းသွင်းခွင့် အထွေထွေလိုင်စင်ကို သောကြာနေ့က ထုတ်ပေးခဲ့ပါတယ်။
ထရမ့်ပ်ရဲ့အဆိုအရ ရုရှားဟာ နိုဝင်ဘာလမှာ တန်ချိန် ၅၀၀,၀၀၀ နဲ့ နောက်ပိုင်းမှာ တန်ချိန် ၁ သန်း ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
Source: Reuters











