
မန္တလေးမြို့နေ မိဘပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မန္တလေး)က မေ ၁၅ ရက်ညပိုင်းက အသိပေးချက် တစ်စောင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်မှာ မန္တလေးမြို့နေ မိဘပြည်သူတွေအနေနဲ့ မြို့တွင်းသွားလာရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာတွေ၊ ယာဉ်တန်းတွေနဲ့ တတ်နိုင်သမျှ ရှောင်ကွင်းသွားကြဖို့၊ မော်တော်ကားတွေနဲ့ သွားလာရာမှာ ကားမှန်တွေကို ချဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် နေထိုင်ရာရပ်ကွက်အတွင်း ကင်းပုန်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေ တွေ ရှိပါက အချင်းချင်း လျှို့ဝှက်သတင်းပေးပြီး အပြန်အလှန် စောင့်ရှောက်ကြဖို့နဲ့ တော်လှန်ရေးတပ်သားတွေအနေနဲ့ နေထိုင်ရာရပ်ကွက်ထဲနဲ့ နေအိမ်ထဲ ဝင်ရောက်ပုန်းခိုရန် အကူအညီတောင်းလျှင် ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း အသိပေးကြေညာထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး) က အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်တော်လှန်ရာမှာ ပြည်သူတစ်ရပ်လုံး မိမိတတ်နိုင်ရာ အခန်းကဏ္ဍက တစ်တပ်တစ်အား ပူးပေါင်းပါဝင်ပေးကြဖို့ကို အသိပေးနှိုးဆော်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)ကို ၂၀၂၁ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အာဏာရှင်စနစ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး၊ အမျိုးသားညီညွတ်ရေး နဲ့ ဖယ်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးစတဲ့ မူဝါဒတွေကို ဦးစားပေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။