DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၇၉၀ ရှိလာ
DVB
·
May 16, 2021
အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၇၉၀ ရှိလာ
Donate to DVB

အာဏာသိမ်းကာလ ၃ လခွဲအကြာ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၇၉၀ ယောက် ကျဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ အေအေပီပီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မေ ၁၅ ရက်အထိ မှတ်တမ်း ပြုစု ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၀၇၃ ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၃၉၈၉ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၉၂ ယောက်ကတော့ ထောင်ဒဏ်ချမှတ် ခံထားရပါတယ်။ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၆၅၉ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၂၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ မျက်ကွယ် ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း ပြည်သူတွေရဲ့ လုံခြုံရေး အခြေအနေတွေဟာ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေပြီး အခုအခါ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေဟာ အရက်စက်ဆုံး အခြေအနေ ကျရောက်နေပြီဖြစ်ကြောင်း၊ ပြည်သူတွေအပေါ် အငြှိုးထား  ပစ်ခတ်သတ်ဖြတ်တာတွေ၊ ညှဉ်းပန်းနှိပ်စက်တာတွေ မြင့်တက်နေပြီး ခိုး၊ ဆိုး၊ လုယက်၊ ဖျက်ဆီးစတဲ့ အ ဖျက်အမှောင့်လုပ်ရပ်တွေဟာလည်း လျော့ကျသွားခြင်းမရှိကြောင်း အေအေပီပီက ပြောပါတယ်။

မေ ၁၅ ရက် မနက်ပိုင်းမှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ လူထုသပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့ပြီး လူငယ် ၄ ယောက်ကို ဖမ်း ဆီးသွားခဲ့တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်မှာ ပြုလုပ်တဲ့ ရန်ကုန်သ ပိတ်စစ်ကြောင်းကို ဆန္ဒပြပြီး လူစုခွဲချိန်မှာ ဆိုင်ကယ်တွေနဲ့ လိုက်လံဖမ်းဆီးခဲ့တာကြောင့် လူငယ် ၇ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာလည်း အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်ခုခံတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး အခြေအနေအလွန်ဆိုးရွားနေကြောင်း သိရှိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၁၀၀၀ နီးပါးဖြည့်တင်းကာ မင်းတပ်မြို့ကို လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်နေတဲ့အပြင် မြို့တွင်းဝင်လာပြီး ပြည်သူတွေကို တောက်လျှောက်ပစ်ခတ်နေကာ ကလေးသူငယ်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရ ပြည်သူတွေ ဆေးကုသမှု ခံယူနိုင်ခြင်းမရှိကြောင်းလည်း သိရပါတယ်။ 

ဒါ့အပြင် လူငယ် ၁၅ ယောက်ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး အနောက်ကနေ သေနတ်နဲ့ချိန်ကာ မြို့အတွင်း ဝင်ခဲ့ကြောင်းနဲ့ မင်းတပ်မြို့ပေါ် နေထိုင်တဲ့ ယောကျ်ားလေးမှန်သမျှကိုလည်း တံခါးတွေဖျက်၊ အိမ်အတွင်းထိတိုင်အောင် ရိုက်နှက် ဖမ်းဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီလို အင်အားအလုံးအရင်းသုံးပြီး စစ်မြေပြင်သဖွယ် တိုက်ခိုက်နေတာဟာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်(PDF)ကို စတင်ပြီးတော့ အမြစ်ပြတ် ချေမှုန်းဖို့ ရည်ရွယ်တယ်လို့လည်း အေအေပီပီက သုံးသပ်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း လူသားဒိုင်း အသုံးပြုတာဟာ “စစ်ရာဇဝတ်မှု” ဖြစ်ပြီး နိုင်ငံသားတွေအပေါ် ရန်ငြိုးတကြီး တိုက်ခိုက်နေတာဟာ အသိဉာဏ် ချွတ်ခြုံကျ တာဖြစ်ကြောင်းလည်း အေအေပီပီက ပြောပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အ သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013