မြန်မာ့မီးရထားစက်မှုနဲ့ လျှပ်စစ်အင်ဂျင်နီယာဌာန တိုင်းအမှတ် (၁၀ ) ပခုက္ကူ လက်အောက်မှာရှိတဲ့ CDM မြန်မာမီးရထားဝန်ထမ်း ၅၈ ယောက်ကို တာဝန်ကနေယာယီရပ်နားတဲ့စာကို မေလ ၁၀ ရက်နေ့ရက်စွဲနဲ့ ပေးပို့လာတယ်လို့ မီးရထားဝန်ထမ်း တစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
အဆိုပါမီးရထားဝန်ထမ်း ၅၈ ယောက်ကို ခွင့်မဲ့ပျက်ကွက်တာကြောင့် တာဝန်ကနေယာယီရပ်နားလိုက်တာလို့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်ဂျင်နီယာမှူးလက်မှတ်နဲ့ စာထွက်လာတာဖြစ်ပါတယ်။
ပခုက္ကူမီးရထားဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ CDM ပြုလုပ်တာဖြစ်ပြီးတော့ အဲဒီလကတည်းက လစာမယူတော့ဘူးလို့ ပြောပါတယ်။
CDM ထောက်ပံ့ရေးအဖွဲ့တွေက ထောက်ပံ့တာတွေရှိပေမယ့်လည်း မိသားစုများတဲ့သူကတော့ စားဝတ်နေရေး အခက်ရှိပြီးတော့ နေအိမ်လိုင်းခန်းဖယ်ရှားခိုင်းရင် ရွှေ့ပြောင်းစရိတ်လို အပ်လာနိုင်တယ်လို့ဆိုပါတယ်။
ပခုက္ကူ တိုင်းအမှတ် ၁၀ မီးရထားဝန်ထမ်းအားလုံးကတော့ ဘယ်လိုအခက်ခဲရှိနေပါစေ စစ်အာဏာရှင်ပြုတ်ကျပြီး ဒီမိုကရေစီရရှိတဲထိ အဆုံးထိ CDM ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အလားတူ ရန်ကုန်၊ မန္တလေး၊ သာစည်နဲ့ တခြားနယ်မြို့တွေအသီးသီးမှာရှိတဲ့ မြန်မာ့ မီးရထားဝန်ထမ်းတွေလည်း တာဝန်မှယာယီရပ်ဆိုင်းခံထားရပြီး မလွှကုန်းမီးရထားစက်ခေါင်း စက်ရုံက ဝန်းထမ်း ၁၃၀ ကျော်လည်း တာဝန်မှယာယီရပ်ဆိုင်းခံထားရပါတယ်။