DVB Logo
Home
မြန်မာသတင်း
အစိုးရဘက်က ဖက်ဒရယ်ကို လက်ခံရင် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာမည်
DVB
·
November 13, 2013
အစိုးရဘက်က ဖက်ဒရယ်ကို လက်ခံရင် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာမည်
1 / 2
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တွေ တင်ပြချက်ကို ဆွေးနွေးလို့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာရင် ဖက်ဒရယ်ဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်လာလိမ့်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_40902" align="alignleft" width="300"]u aung min ဦးအောင်မင်း[/caption]

မြစ်ကြီးနားမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ကို နိုဝင်ဘာ ၄ ရက်နေ့မှာ တရားဝင် လက်ခံရရှိပြီး ၆ ရက်အကြာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စုကို ဆွေးနွေးလို့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာမယ်ဆိုရင် ဖက်ဒရယ်နဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ဆိုတာ ဖြစ်လာမှာပါ။ ဒါကြောင့် အဓိကအချက် ဖက်ဒရယ်မူလို့ သိထားတာဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်စရာမရှိဘူး၊ အခက်အခဲမရှိဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့ ဖြစ်ခဲ့ရတာလို့ ရှု့မြင်ပြီး နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ မူကို ဆုပ်ကိုင်ထားတယ်လို့ ဦးအောင်မင်းက ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲမှာ အမိမြန်မာနိုင်ငံတော်ကနေ ခွဲမထွက်ရဘူးဆိုတဲ့အချက်နဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့အကြောင်းအရာတွေကို မလုပ်ရဘူးဆိုတဲ့ အချက် ၂ ချက်ကိုသာ သမ္မတက ကန့်သတ်ပြီး ကျန်တာ အားလုံးခွင့်ပြုထားတယ်လို့ သူက ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဟာ မြစ်ကြီးနားမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ မတွေ့ခင်မှာ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကွန်ဖရင့် ကျင်းပပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်တရပ်ကို ချမှတ်ခဲ့ကြပါတယ်။

အဲဒီ သဘောတူညီချက်ထဲမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးလည်း အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်စားလှယ်အဖြစ် မြစ်ကြီးနား ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကက (ကြည်း) က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ဖက်ဒရယ်ပြည်ထောင်စုအပေါ် တပ်မတော်ရဲ့ သဘောထားကို မေးကြည့်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာဆောင်ရွက်မှာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

“သူတို့ ဘယ်လိုလိုချင်တယ်ဆိုတာ ကျနော်မသိဘူး။ ဒါပေမယ့် ဒီကနေ့ ကျနော်တို့ လိုချင်တဲ့၊ ကျနော်တို့ပြောတဲ့၊ ပြည်ထောင်စုဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ကျနော်တို့ ဆက်သွားမယ်။”

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကတော့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ သွားမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို တည်ဆောက်ရမှာ မလွဲမသွေပါလို့ ပြောပါတယ်။
“နိုင်ငံတော်ကို ဘယ်လိုဖွဲ့စည်းသလဲဆိုတဲ့အပေါ်မှာ ပေါ်ထွန်းလာရမယ့် တပ်မတော်ဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်လို့ ပြောရတာက ကျနော်တို့တောင်းဆိုနေတာက ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး တောင်းဆိုနေတာဖြစ်တဲ့အတွက် ဒီလိုနာမည်ပေးရခြင်းဖြစ်ပါတယ်။”

မြစ်ကြီးနား ဆွေးနွေးပွဲမှာ နှစ်ဘက်ကိုယ်စားလှယ်တွေ တရားဝင် လက်မှတ်မရေးထိုး နိုင်သေးပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ချဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲ အမြန်စတင်ကြဖို့ ပူးတွဲသဘောတူညီချက် ထုတ်ပြန်နိုင်ခဲ့ကြပါတယ်။

လာမယ့် ဒီဇင်ဘာလကျရင် ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) ထိန်းချုပ်နယ်မြေ လောခီးလာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဒုတိယမြောက်ကွန်ဖရင့်ကို ကျင်းပမှာဖြစ်သလို ဘားအံမြို့မှာ မြစ်ကြီးနားဆွေးနွေးပွဲလို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ ထုတ်ပြန်ထားပြီး ပြင်ဆင်နေ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013