DVB Logo
Home
Lead Story
အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာ့ဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ပြိုလဲမှု လားရာ
DVB
·
May 13, 2021
အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာ့ဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ပြိုလဲမှု လားရာ
Donate to DVB

ခုချိန်မှာတော့ ဘဏ်တွေ ဘယ်လို အခြေအနေဆက်သွားမလဲဆိုတာ ပြည်သူတိုင်းတွေးဆနေကြမှာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းပြည်စီးပွားရေးထိခိုက်မှုတွေကို နှိုးဆွဖို့၊ ကုစားဖို့ လုပ်ရမယ့်အချိန်မှာ အာဏာသိမ်းမှုကို ရုတ်တရက်ကြုံလိုက်ရတဲ့ နိုင်ငံအတွက်ကတော့ ဆုံးရှုံးမှုတွေက ဘယ်လောက်အတိုင်းအတာအထိ ဖြစ်လာမှာလဲ။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ လတ်တလောဘဏ်နဲ့ ငွေကြေး ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အများက အာရုံစိုက်နေကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရသုံးဘတ်ဂျက်ဟာ လိုငွေပြစနစ်ကို ကျင့်သုံးတာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ လိုငွေက ကျပ် ၅၉၀၀ ဘီလီယံ ( ၅ဒသမ၉ ထရီလီယံ) ရှိပါတယ်။ 

NLD အစိုးရ သက်တမ်းမှာပင် ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုတွေကို နှိုးဆွဖို့အတွက် World Bank နဲ့ IMF တို့ရဲ့ အကူအညီ( ခန့်မှန်း  US$ 1.3 Billion) နဲ့ ဆောင်ရွက်ရမယ့် ကိစ္စတွေက အခုအခြေအနေတွေကြောင့်ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပါတယ်။  NLD အစိုးရအနေနဲ့ ငွေမာကို အာမခံထားပြီး Injection ထိုးထည့်ခြင်းအားဖြင့် စီးပွားရေးကို နှိုးဆွမယ့် အစီအမံရှိခဲ့တာပါ။ မူလ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းမယ့် အစီအစဉ်ဖြစ်တဲ့ အစိုးရငွေတိုက်စာချုပ်၊ ငွေချေးစာချုပ် ရောင်းချမှုနဲ့ ဗဟိုဘဏ်ဆီမှ ချေးယူမှုတွေက ၃ ထရီလီယံ ပမာဏ ဖြစ်ပါတယ်။ သို့သော် အာဏာသိမ်းအပြီး T-bill,T-bond ရောင်းချမှုကအလုပ်မဖြစ်ခဲ့ပါဘူး။ 

အခွန်ရငွေနဲ့ ပတ်သတ်ပြီး ၉ ထရီလီယံ လျာထားခဲ့ပေမယ့် ကိုဗစ်ကာလ relief plan နဲ့ ခုကာလမှာ ဖြစ်ပျက်မှုတွေကြောင့် ၄၀ ရာနှုန်းလောက်သာ အများဆုံးရနိုင်ခြေရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ ကုန်သွယ်မှုလုပ်ငန်းတွေ ရပ်တန့်မှုနဲ့အတူ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု GDP က ထိုးကျသွားတဲ့အပြင် Sanction ကြောင့် နိုင်ငံပိုင်ထုတ်လုပ်မှုနဲ့ သယံဇာတလုပ်ငန်းမှ ရငွေတွေလည်း လျော့နည်းသွားပြီး လိုငွေကတော့ လျော့သွားမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကုန်သွယ်မှု လိုငွေ (Trade Deficit) ကြီးကြီးမားမားပေါ်ပေါက်လာပြီး ဒေါ်လာ ရှားသွားကာ ငွေမာ မလုံမလောက်ဖြစ်လာပါတယ်။ ဒါ့အပြင် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ ဆုတ်ခွာသွားတဲ့ သက်ရောက်မှုကလည်း ထပ်မံ ပေါင်းစပ်လာပါတယ်။ မူလကတည်းက လိုငွေ ၅ ဒသမ ၉ ထရီလီယံ ထက်ကို ဘယ်လောက်များ လာနိုင်မလဲ ဆိုတာ မှန်းဆ ကြည့်နိင်ပါတယ်။

လတ်တလော ဘဏ်တွေရဲ့ အကြပ်အတည်းနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ဖြေရှင်းဖို့နည်းလမ်းတွေ ကြိုးစားနေကြပေမယ့် အဓိကပြဿနာကို မကိုင်တွယ်နိုင်ရင်ဆေးမြီးတိုသာဖြစ်လာမှာဖြစ်ပြီး အောင်မြင်နိုင်ဖွယ်ရာ လုံးဝ မရှိပါဘူး။ ဘဏ်တွေကို ထိန်းကျောင်းတာအပါအဝင်ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်း‌တွေ လုပ်လာမယ်လို့တွေးဆရပါတယ်။ ဒီအတောအတွင်းမှာပဲ ပုဂ္ဂလိက ဘဏ်တွေရဲ့ဗဟိုဘဏ်မှာ အပ်နှံထားရှိရမယ့် အနည်းဆုံးသီးသန့် ငွေလိုအပ်ချက် (Mininumn Reserve Requirement)ကို ရာခိုင်နှုန်းလျှော့တာလုပ်ပေမယ့် ငွေကြေးလည်ပတ်မှုကို ပြန်လည်သွက်လက်စေမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ မယုံကြည်မှုက ဆက်ဖြစ်နေမှာ ဖြစ်ပြီး လှည့်ပတ်သုံးစွဲငွေထဲမှာကိုပဲ ပျောက်သွားမှာဖြစ်ပါတယ်။

ဒါတွေဘာ့ကြောင့်ဖြစ်တယ်ဆိုတာကို ဗဟိုဘဏ်က သတင်းစာရှင်းလင်းပွဲတွေကနေ ဖြေရှင်းချက်အမှားတွေပေးနေပြီး နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်တယ်ဆိုပြီး ပြောပေမယ့်ဒါဟာ နိုင်ငံရေးသမားတွေဘက်ကို အပြစ်ဖို့တဲ့ သဘောနဲ့ ရောထွေးစေလိုက်ပါတယ်။ ငွေကြေး ယုံကြည်မှု အဆောက်အဦ (Trust Building)ဟာ အာဏာသိမ်းမှုကြောင့် ပြိုကျသွားပြီဖြစ်တာကို ဗဟိုဘဏ်အနေနဲ့ဝန်ခံရမှာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ငွေတွေတန်ဖိုး ဆက်တိုက်ကျဆင်းမှုကိုတောင် မထိန်းနိုင်တဲ့ ဗဟိုဘဏ်ကို အယုံအကြည် ရှိလာမှာမဟုတ်တဲ့အပြင် ဒေါ်လာထုတ်ရောင်းတာ/ဝယ်ယူတာတွေနဲ့ ငွေကြေးဈေးကွက်ကို ပုံမှန်ထိန်းကျောင်းတဲ့ လုပ်ငန်းစဉ်တွေပါ ပျက်ကွက်နေတာတွေဟာ ပြည်သူတွေကို ပိုအထိနာစေပြီး ကုန်သွယ်မှုလုပ်ငန်းတွေလည်း ကိုရပ်တန့်သွားစေပါတယ်။

မကြာခင်ကာလမှာပဲ  ဗဟိုဘဏ်အနေနဲ့ ငွေစက္ကူအသစ်ရိုက်ထုတ်ပြီး ထိန်းဖို့ကြိုးစားဦးမယ့် အနေအထားရှိလာနိုင်ပါတယ်။ အာမခံမရှိပဲနဲ့ ငွေစက္ကူ အလွန်အမင်းရိုက်ထုတ်ခြင်းရဲ့ ဆိုးကျိုးကို ဗဟိုဘဏ်က တာဝန်ရှိသူတွေ ပိုသဘောပေါက်မှာဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေအပြင်၊ ဘဏ်တွေမပြိုလဲအောင် ရိုက်ထုတ်ရမယ့်ပမာဏက အမြောက်အမြားဖြစ်ပြီး ခန့်မှန်းချေ ၅ ထရီလီယံ လောက် ရှိမှာပါ။ ဒါကို ဗဟိုဘဏ်အနေနဲ့ တုံ့ပြန်မှုအပေါ်မူတည်ပြီး ငွေစက္ကူကို ပမာဏအလိုက် ထိုးထည့်(Injection) လာနိုင်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာလည်း အရင်ကတည်းက ကြွေးဆုံးတွေ(NPL) အများအပြားရှိနေတာပါ။ 

၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်သူတွေရဲ့ ဘဏ်အပ်ငွေ ကျပ် ၁၇ ထရီလီယံ ရှိပြီး NPL က ၉ ထရီလီယံ ခန့် ရှိခဲ့ပါတယ်။ဒါဟာ ကျန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ပြီး ခုချိန်မှာ ကိန်းဂဏန်းပိုများလာမှာ ဖြစ်ပါတယ်။  Trust Building ပြိုလဲမှုကြောင့် ငွေသားက အထုတ်သာရှိပြီးအသွင်းမရှိတဲ့ အနေအထားမှာ ပြည်တွင်းကျပ်ငွေဟာ ( local currency)  ဟာ ရှားပါးသွားတာပဲဖြစ်ပါတယ်။ အမေရိကန်က USD 1 billion Freeze လုပ်ထားတာရယ်၊ တခြား အာမခံရယ် မရှိတာကြောင့် ငွေစက္ကူရိုက်ထုတ်မှုရှိလာမယ်ဆိုရင် ငွေကြေးဖောင်းပွမှုနှုန်း( Inflation rate) ဟာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ငွေမာဖြစ်တဲ့ ဒေါ်လာကို ဘယ်လို ရှာယူမလဲဆိုတာလည်း ဆက်စပ်လာပါတယ်။  တရုတ်နိုင်ငံဆီမှ အကူအညီရယူမှု ပုံစံမျိုးနဲ့ Hard Currency အတွက် ကြိုးစားဖန်တီးလို့ ရနိုင်ပေမယ့် Local Currency အတွက်ဆိုရင်တော့ ဂျာမနီက ငွေစက္ကူနဲ့ ဆေးသားကုန်ကြမ်း sanction လုပ်ထားလို့ ဗဟိုဘဏ်ကို ခေါင်းခြောက်စေမှာ ဖြစ်ပါတယ်။ အရည်အသွေးပုံစံ တမျိုးနဲ့ ငွေစက္ကူအသစ်တွေ ထုတ်လာမယ်ဆိုရင်တော့ ပြည်သူရဲ့တုံ့ပြန်မှု အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ထည့်တွက်ထားရမှာပါ။ ငွေစက္ကူ အသစ် ရိုက်ထုတ်ဖို့ ငွေမာ လုံလုံ လောက်လောက် မရှိဘဲနဲ့ တော့ ပြည်သူ့ဆီက ယုံကြည်မှု ရနိုင်စရာ အကြောင်း မရှိပါဘူး။

နိုင်ငံတွင်းမှာလှည့်ပတ်သုံးစွဲနေတဲ့ ငွေသားကျပ် ပမာဏဟာ အမှန်တကယ်ထက် ရာခိုင်နှုန်း နည်းတာ သဘာဝဆိုပေမယ့် ခုချိန်ခါမှာတော့ ငွေကြေးတန်ဖိုးမတည်ငြိမ်မှုရယ်၊ ဘဏ်တွေပြိုလဲမှာကိုပါ စိုးရိမ်နေကြတာကြောင့် နိုင်ငံရေးအခြေအနေကို ပြည်သူတွေကိုယ်တိုင် ယုံကြည်လာမှသာလျှင် ဒီအခက်အခဲကို လွန်မြောက်နိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းတဲ့ ရက်ပေါင်း ၁၀၀ ကျော် ကာလအတွင်းမှာ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေ ပျက်ယွင်းတဲ့အထိ ထိခိုက်ပြီး အလုပ်လက်မဲ့နှုန်းကလည်း များပြားလာပါတယ်။ ပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်မှုတွေဟာ  ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် နည်းပါးသလိုရှိပေမယ့် အာဏာသိမ်းတဲ့ အထက်ပါအကျိုးဆက်တွေကြောင့် မပြီးဆုံးသေးတဲ့ ဇာတ်လမ်းသဖွယ်ဖြစ်နေပြီး အခွင့်အခါပေးတာနဲ့ ထတောက်မယ့် မီးတောက်တွေအဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။

NLD အစိုးရလက်ထက် တိုင်းပြည်တည်ဆောက်ရေးကို သွားနေစဉ်မှာပဲ ခုလိုအာဏာသိမ်းနောက်ဆက်တွဲတွေကြောင့် တိုင်းပြည်ဟာ ဆင်းရဲတွင်းထဲကို ပိုမို နက်ရှိုင်းစွာကျဆင်းခဲ့ရပါပြီ။ ဘယ်လို အဆုံးသတ်မှုမျိုးဖြစ်လာပါစေ မဖြစ်မနေထည့်သွင်းစဉ်းစားထားရမှာက State Building ကို ဦးစားပေးထားရမှာဖြစ်ပြီး ရှည်လျားမယ့် နိုင်ငံရေးပြသာနာတွေကိုဖြေရှင်းရင်းနဲ့အတူ ပြည်သူတွေကို ဆင်းရဲမှုက ကယ်ထုတ်ပေးနေရမယ်ဆိုတာလည်းရှိနေပါတယ်။ 

တပ်မတော်အတွင်းမှာလည်း ငွေကြေးနှင့် ဘဏ္ဍာရေးစနစ်ကို နားလည်သူတွေအနေနဲ့ ဘယ်လောက်အထိအောင် ဆိုးကျော့တွေဆက်ဖြစ်ပြီး အဆုံးသတ်ရခက်ခဲတဲ့ တိုင်းပြည်ဆင်းရဲတွင်းနက်လာမယ့် အခြေအနေတွေကို သဘောပေါက်နေကြမှာဖြစ်ပါတယ်။ အခုအခြေအနေဟာ ဘဏ္ဍာရေးစနစ်ပြိုလဲမှုကိုသွားနေတာ၊ ကုစားဖို့ အရမ်းခက်ခဲတဲ့ အနေအထားဆီသို့ ဦးတည်နေတယ်ဆိုတာလောက်တော့ သိကြမှာပါ။

နောက်ဆုံး အချိန်တွေအထိ တိုင်းပြည် Failed State ဖြစ်လာတော့မယ့်အခြေအနေကနေ ဘယ်လိုအရာက ဆွဲထုတ်ကယ်တင်မလဲ ဆိုတာ...။

  (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013