DVB Logo
Home
မြန်မာသတင်း
ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်း ထောင်ဒဏ်များ ပယ်ဖျက်
DVB
·
November 11, 2013
ပုံနှိပ်ထုတ်ဝေ ဥပဒေမူကြမ်း ထောင်ဒဏ်များ ပယ်ဖျက်
Donate to DVB

A woman reads a book as she sells newspapers and journals by the street side in Yangonဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို ဆွေးနွေးရာမှာ မှတ်ပုံမတင်ဘဲ ပုံနှိပ်ထုတ်ဝေလုပ်ငန်း လုပ်ကိုင်သူတွေအတွက် မူလက သတ်မှတ်ထားတဲ့ ထောင်ဒဏ်တွေကို ပယ်ဖျက်လိုက်ပြီး ငွေဒဏ်တွေကိုလည်း လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီဥပဒေမူကြမ်းမှာ တိုင်းရင်းသား အချင်းချင်း၊ လူမျိုးရေးနဲ့ ဘာသာရေး ထိခိုက်နစ်နာစေ နိုင်တဲ့ အကြောင်းအရာတွေကို မဖော်ပြဖို့ နိုင်ငံတော် လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အများ ပြည်သူ အေးချမ်းသာယာရေး၊ နိုင်ငံသားတွေရဲ့ တန်းတူမှု၊ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေကို ထိခိုက်တဲ့ အကြောင်းအရာတွေကို မဖော်ပြဖို့ သတ်မှတ် ထားပါတယ်။

ဒါအပြင် လူ့အဖွဲ့အစည်းက လက်မခံတဲ့ ဟိရိဩတ္တပ္ပ ကင်းမဲ့တဲ့ ညစ်ညမ်းစာပေများနဲ့ ကာမရာဂကို လှုံဆော်တဲ့ပုံများကို မဖော်ပြဖို့ သတ်မှတ်ထားပြီး ကျူးလွန်ဖောက်ဖျက်ကြောင်း နစ်နာသူတဦးက တိုင်ကြားပါက သက်ဆိုင်ရာ အဖွဲ့အစည်းက တားမြစ်မှာ ဖြစ်သလို လိုက်နာပါက ပြစ်ဒဏ်ချမှတ်ခံရမှာ မဟုတ်ဘူးလို့လည်း ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။
ဒီအချက်တွေကို လိုက်နာခြင်းမရှိဘဲ ဆက်လက်ထုတ်ဝေပါက ငွေဒဏ် ကျပ်သိန်း ၃၀ မှ ၅၀ အထိ ပေးဆောင်ရမှာ ဖြစ်သလို တရားမ၀င်စာလို့ သတ်မှတ်ထားတဲ့ စာပေတွေကို နိုင်ငံခြားက တင်သွင်းပါကလည်း ဒီငွေဒဏ်ကို ကျခံရမှာ ဖြစ်ပါတယ်။

အရင် ဥပဒေကြမ်းမှာတော့ မှတ်ပုံမတင်ခြင်းမရှိပါက ငွေဒဏ် ကျပ် သိန်း ၅၀မှ ၁၀၀ နဲ့ ထောင်ဒဏ် ၆ လ သတ်မှတ်ထားချက်ကို အခု ဥပဒေကြမ်းမှာတော့ ၁ သိန်းမှ ၃ သိန်း အကြား ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီနဲ့ ဥပဒေကြမ်း ကော်မတီတို့က ဒီဥပဒေကြမ်းကို ဆွေးနွေးခဲ့တာ ဖြစ်သလို ပြင်ဆင်လိုက်ရတဲ့အကြောင်းကို ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက အခုလို ပြောပါတယ်။

“မှတ်ပုံမတင်တာနဲ့ သိန်း ၅၀ ကနေ ၁၀၀ ဒဏ်တပ်တာကတော့ လမ်းဘေးက ဒါမှမဟုတ် မြို့နယ်လေးတွေမှာ ရှိတဲ့ ကော်ပီကူးစက်တလုံးနဲ့ ပုံနှိပ်ထုတ်ဝေလုပ်ငန်းတွေ လုပ်နေတဲ့ လုပ်ငန်း အငယ်လေးတွေကို ထိခိုက်နိုင်ချေ ရှိတယ်။ အဲလောက်အများကြီး မသတ်မှတ်သင့်ဘူးဆိုပြီး ပြင်ဆင်ချက် တင်တော့ ၁ သိန်းနဲ့ ၃ သိန်းပေါ့။ အဲဒါက သတိပေးတဲ့အဆင့်ပဲ ရှိပါတယ်။ အဲဒါကို ပြင်လိုက်နိုင်တယ်။ လုပ်ငန်းရှင် အကြီးတွေအတွက် မထောင်းသာပေမယ့် လုပ်ငန်းငယ်လေးတွေက မှတ်ပုံမတင်တာနဲ့ အဲလောက် ဒဏ်တပ်မယ်ဆိုရင် လုပ်ငန်းပြုတ်သွားမှာစိုးလို့ ကျနော်တို့ ထည့်လိုက်တာပါ။”

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အကြား အရေးကြီးတဲ့ကိစ္စတွေမှာ မကွဲလွဲပေမယ့် တချို့သေးငယ်တဲ့ အကြောင်းအရာတွေမှာတော့ ကွဲလွဲမှုတွေ ရှိနေတဲ့အကြောင်း ဒီအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။

“လူတဦး တယောက်ရဲ့ ပုဂ္ဂလိကကိစ္စကို ဂုဏ်သိက္ခာ ထိခိုက်အောင် ရေးသားတဲ့ ကိစ္စမျိုးကိုတောင်မှ ကျနော်တို့ ထုတ်ပစ်လိုက်ပါတယ်။ အဲဒါကိုတောင် ဒီထဲ မထည့်တော့ပါဘူး။”

ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲကာ လွှတ်တော်ကို တင်သွင်းထားတာ ဖြစ်ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တချို့ကို လုပ်ဆောင်ကာ ပြည်သူ့လွှတ်တော်ကို ပြန်လည် ပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013