DVB Logo
Home
မြန်မာသတင်း
ဗီဇာ ၄ နှစ်ပြည့် အလုပ်သမားမူဝါဒ တိကျစွာထုတ်ပြန်ပေးရန် ထပ်မံတောင်းဆို
DVB
·
November 11, 2013
ဗီဇာ ၄ နှစ်ပြည့် အလုပ်သမားမူဝါဒ တိကျစွာထုတ်ပြန်ပေးရန် ထပ်မံတောင်းဆို
Donate to DVB

ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ်အရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၄ နှစ်ထိ အလုပ်လုပ်ပြီးရင်  လက်မှတ်အသစ် ပြန်လုပ်ရမှာဖြစ်ပေမယ့် ဆက်လက်ဆောင်ရွက်ရမယ့် မူဝါဒတွေ မထုတ်ပြန်သေးတာကြောင့် ဗီဇာပြည့် အလုပ် သမားတွေ အခက်အခဲ ကြုံနေရပါတယ်။

pasportအလုပ်သမား အများစုဟာ ပြီးခဲ့တဲ့ ဩဂုတ်ကစပြီး ဗီဇာသက်တမ်း ကုန်သွားတဲ့အတွက် အလုပ်ရှင်တွေက သူတို့ကို ဆက်ပြီး အလုပ်မခန့်တာ ရှိသလို အချို့ ပွဲစားတွေကလည်း ဒါကိုအခွင့်ကောင်းယူပြီး ပတ်စပို့လုပ်ခ ငွေကြိုတောင်းနေကြကြောင်း မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

တိကျတဲ့ မူဝါဒ သိရှိရဖို့ တောင်းဆိုချက် ၂ ကြိမ် ထုတ်ခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာကလည်း တာဝန်ရှိသူတွေကို ဖိတ်ကြားပြီး သူတို့ အခက်အခဲတွေ တင်ပြခဲ့ကြောင်း၊ တာဝန်ရှိသူတွေက နိုဝင်ဘာလထဲ ထုတ်ပြန်ပေးမယ်လို့ ပြောပေမယ့် ဒီနေ့ထိ မသိရှိရတာကြောင့် ခုလို ထပ်မံတောင်းဆိုရတာလို့ ပြောပါတယ်။

“စက်တင်ဘာ ၁ ရက်နေ့က ထိုင်းအစိုးရရော၊ မြန်မာအစိုးရတာဝန်ရှိသူတွေပါ ဖိတ်ခေါ်ပြီး  ကြေညာချက်နဲ့အတူ တောင်းဆိုခဲ့တယ်။ စက်တင်ဘာ ၅ ရက်နေ့မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ဘန်ကောက်မှာ တွေ့ဆုံဆွေးနွေးပြီး ဗီဇာကုန်အလုပ်သမားတွေကို နောက်ထပ် ၄ နှစ် ထိုင်းနိုင်ငံ မှာ   နေထိုင်ခွင့်ပြုဖို့၊ ဗီဇာသက်တမ်းတိုးပေးဖို့၊ နယ်စပ်တွေမှာ စခန်း ၅ ခုဖွင့်လှစ်ပြီး ဆောင်ရွက်ပေးဖို့၊ ကုန်ကျစရိတ်လည်း သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးမယ်၊ နိုဝင်ဘာလဆန်းမှာ အကောင်အထည်ဖော်မယ်လို့ ပြောခဲ့ပေမယ့် ခုလလယ်နား နီးလာတဲ့အထိ အကောင် အထည်ဖော်ခြင်းမရှိသေးဘူး။ အလုပ်ရှင်ကိုရော အလုပ်သမားတွေဆီပါ သိသာထင်ရှားတဲ့   ဥပဒေတွေ ထုတ်ပြန်ခြင်းမရှိတဲ့အတွက် ထပ်မံတောင်းဆိုခြင်း ဖြစ်ပါတယ်။”

ဒီကနေ့ ရက်စွဲနဲ့ ထပ်မံတောင်းဆိုထားတဲ့အထဲမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ့် စခန်းကို နယ်စပ်တွေမှာ ဖွင့်မယ့်အစား အလုပ်ရှင်ရော၊ အလုပ်သမားအတွက်ပါ  ခရီးစရိတ် ၀န်ပေါ့သွားအောင် ထိုင်းနိုင်ငံထဲမှာပဲ စခန်းလာဖွင့်ပေးဖို့လည်း တောင်းဆိုတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ဒါ့အပြင် ဗီဇာသက်တမ်းတိုးတာနဲ့ ပတ်သက်တဲ့  လုပ်ငန်းစဉ်၊ ကျသင့်ငွေ၊ အချိန်ကာလ အပိုင်းအခြားကို တိကျစွာထုတ်ပြန်ပေးဖို့၊ ထုတ်ပြန်တဲ့အတိုင်းလည်း လက်တွေ့ကျကျ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ပွဲစားတွေက  တောင်းချင်သလို တောင်းနေတဲ့ပြဿနာ ဖြေရှင်းဖို့၊ ၀န်ဆောင်ခကို အစိုးရက တပြေးညီသတ်မှတ်ပေးပြီး မလိုက်နာတဲ့ ပွဲစားကို အရေးယူဖို့နဲ့ ဗီဇာရက်လွန်ကြေး တနေ့ ဘတ် ၅၀၀ ကနေ နှစ်သောင်းထိ ကောက်ခံခြင်းကနေ ကင်းလွတ်ခွင့်ပြုဖို့ စတဲ့အချက်တွေလည်း ပါတယ်။

မက်ဖောင်ဒေးရှင်း  အလုပ်သမားအခွင့်အရေးမန်နေဂျာ နိုင်းဆုဒစ်ဆာကတော့  ၄ နှစ်ဗီဇာ သက်တမ်းပြည့် အလုပ်သမားတွေအတွက် ဆောင်ရွက်ရမယ့်အချက်ကို ထိုင်းအလုပ်သမားရုံးက ဒီရက်ပိုင်းအတွင်းမှာ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

“အမှန်မှန်က သူတို့ကို သူဌေးက အရင်ဆုံး အလုပ်သမားရှာဖွေရေးရုံးမှာ ခေါ်သွားပြီး  ဖောင်ဖြည့်ပေးရမယ်၊ ပြီးတော့ သံရုံးကိုပို့၊ သံရုံးကလက်ခံမှ စာအုပ်အသစ်ပြန်လုပ်ပြီးရင်  ဗီဇာပြန်လုပ်ရမယ်၊ အဲဒါကို အလုပ်သမားတွေက နားမလည်တာ။”

ဒါပေမယ့် ထိုင်းဘာသာ အနေနဲ့ထုတ်တော့ အလုပ်သမားတွေ နားမလည်ကြောင်း၊ သူတို့ အန်ဂျီအိုအဖွဲ့ကလည်း နေရာတိုင်းမှာ လိုက်လံဘာသာပြန်ပေးဖို့ လက်လှမ်းမမီနိုင်ကြောင်း၊  ထိုင်းအစိုးရအနေနဲ့ မြန်မာအလုပ်သမားနဲ့ ပတ်သက်တဲ့ အချက်အလက်ကို မြန်မာဘာသာနဲ့လည်း ထုတ်ပြန်ကြေညာပေးသင့်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာက ထုတ်ပြန်ကြေညာချက်ကို အတိအကျမလုပ်တဲ့အတွက် အလုပ်သမားအများစုက ဒီလုပ်ငန်းစဉ်ကို နားမလည်ဘဲ မိမိဘာသာ လ၀ကရုံးကို သွားဆက်သွယ်လို့ အဆင်မပြေတာ၊ တချို့က ဘယ်မှမသွားရဲလို့ လက်မှတ်မရှိတဲ့ လူတွေလိုပဲ ကြောက်လန့်နေရတယ်လို့  ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာသံရုံးက အလုပ်သမားဆိုင်ရာ သံအရာရှိ ဦးကျော်ကျော်လွင်ကို မေးမြန်းရာမှာ အလုပ်သမားတွေအနေနဲ့ မိမိအလုပ်ရှင်ကနေတဆင့် သက်ဆိုင်ရာ အလုပ်သမားရုံးမှာ မှတ်ပုံပြန်တင်ပြီး နယ်စပ်မှာ အ၀င်အထွက် တံဆိပ်တုံး ထုရမှာဖြစ်ကြောင်း၊ တိကျတဲ့   ဆောင်ရွက်ချက်တွေကိုတော့ နှစ်နိုင်ငံအစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်လို့ မထုတ်ပြန်နိုင်သေးကြောင်း ဆိုပါတယ်။

“လူကြီးတွေက အသေးစိတ်အချက်အလက်တွေကို ပြန်ညှိနှိုင်းနေတုန်းပဲဆိုတော့ ကျနော်တို့က ကြိုပြောလို့လည်း မဖြစ်လို့ပါ။ ဘယ်တော့လောက် ထုတ်ပြန်မလဲဆိုတာ မပြောနိုင်သေးပါဘူး။ အဆင်ပြေအောင်တော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။”

ထိုင်းနိုင်ငံထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၃ သန်းလောက် ၀င်ရောက်လုပ်ကိုင်နေပြီး အဲဒီထဲမှာ  ဗီဇာ ၄ နှစ်ပြည့် အလုပ်သမားပေါင်း ၁ သိန်းနီးပါး ရှိမယ်လို့ ဦးကျော်ကျော်လွင်က ခန့်မှန်းပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013