DVB Logo
Home
မြန်မာသတင်း
အီးယူ-မြန်မာ နိုင်ငံရေး၊ စီးပွားရေး ဖိုရမ် စတင်ကျင်းပ
DVB
·
November 13, 2013
အီးယူ-မြန်မာ နိုင်ငံရေး၊ စီးပွားရေး ဖိုရမ် စတင်ကျင်းပ
1 / 2
Donate to DVB

မြန်မာနဲ့ ဥရောပသမဂ္ဂ (အီးယူ)တို့ ပူးပေါင်းပြီး နိုင်ငံရေး စီးပွားရေး ဖိုရမ်ဆွေးနွေးပွဲတွေကို ရန်ကုန်နဲ့ နေပြည်တော်မှာ  နိုဝင်ဘာ ၁၃ ကနေ ၁၅ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမှာ ဖြစ်တယ်လို့ အီးယူ မြန်မာ အထူး လုပ်ငန်းအဖွဲ့က ကြေညာထားပါတယ်။

z10မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အီးယူ-မြန်မာအထူး လုပ်ငန်းအဖွဲ့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဖိုရမ်တွေကို နိုဝင်ဘာ ၁၃ ရက်နေ့ညက ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ စတင်ဖွင့်လှစ်ကျင်းပမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွက်  အီးယူ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲနဲ့ ဥရောပကော်မရှင် ဒုက္ကဋ္ဌ မစ္စ ကတ်သရင်း အက်ရှ်တန် အပါအ၀င် အီးယူက တာဝန်ရှိသူ ၁၀၀ နီးပါးလာရောက်မှာဖြစ်ပါတယ်။

နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ အထောက်အပံဖြစ်စေဖို့၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေမှာ အီးယူက မြန်မာနိုင်ငံအပေါ် နည်းပညာနဲ့ ပစ္စည်း အထောက်အပံ့တွေ ပေးသွားဖို့ ရှိတယ်လို့ အီးယူ-မြန်မာ အထူးလုပ်ငန်းအဖွဲ့က ကြေညာထားပါတယ်။

မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားတဲ့  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွေ  ထူထောင်ဖို့ ဒီဆွေးနွေးပွဲက ရည်ရွယ်တယ်လို့ နိုဝင်ဘာ ၁၁ ရက် အီးယူထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖိုရမ်တွေရဲ့ ထူးခြားချက်ကတော့ မြန်မာပြည်မှာ ရွေးကောက်ပွဲတွေမျှတဖို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးဖို့ကိစ္စတွေနဲ့ပတ်သက်တဲ့ အကူအညီတွေနဲ့ စီးပွားရေးပိုင်းမှာ ကုန်သွယ်ဘက် အထူး အခွင့်အရေး (ဂျီအက်စ်ပီ) ကို လျှော့ပေးခဲ့တဲ့အပေါ် ဘယ်လိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မလဲ စတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ ဗဟုဖွံ့ဖြိုးရေး အဖွဲ့ဝင် ဦးအောင်သူငြိမ်းက ပြောပါတယ်။

“အထူးသဖြင့် ဒီဆွေးနွေးပွဲတွေက လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတဲ့ သဘောပါ။ အဲဒီတော့ အဲဒီမှာ အကြံယူကြပြီးတော့ နောက်တပိုင်းမှာတော့ မူဝါဒပြုပြင်ပြောင်းလဲမှုနဲ့ တချို့ကိစ္စတွေမှာ အကူအညီပေးတာတို့ ဒါမျိုးတွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။”

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့  ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ သမ္မတရုံး  ပြည်ထောင်စုဝန်ကြီး  ဦးတင်နိုင်သိန်းနဲ့ အီးယူ အရာရှိတွေ ဦးဆောင်တဲ့ စီးပွားရေး ဖိုရမ်၊ ဒေါ်အောင်ဆန်းစုကြည် သဘာပတိပြုလုပ်ကျင်းပမယ့်  အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်နဲ့  ၀န်ကြီး  ဒေါက်တာကံဇော်နဲ့ အီးယူ တာဝန်ရှိသူတွေ ဦးဆောင်မယ့်  ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်တွေကို ကျင်းပမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ မှာတော့ နေပြည်တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနမှာ အီးယူနဲ့ မြန်မာ အကြား သဘောတူစာချုပ်တွေ လက်မှတ်ရေး ထိုးကြမှာလည်း ဖြစ်ပါတယ်။

ကျင်းပဖို့ရှိနေတဲ့ အီးယူ မြန်မာဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ အကူးအပြောင်းမှာ ပိုမိုအကူအညီရစေမယ်လို့  မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်က အခုလည်း သူတို့ အများဆုံး ကူညီနေတယ်ပေါ့နော်။ ရှေ့မှာလည်း တနိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေး သဘောတူညီချက်တွေ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျနော်တို့ လုပ်ဖို့ ပြင်နေတော့ အဲဒီအဆင့်တွေကို တခုပြီး တခုသွားပြီးတိုင်းမှာ သူတို့ဘက်က ကျနော်တို့ကို ပိုပြီးတော့ ကောင်းမွန်တဲ့ဘက်ကို ရောက်သွားစေချင်တဲ့အတွက် ပိုပြီး ကူညီမှုတွေမျှော်လင့်ထားတယ်။ ဒီလိုမျိုးလာတာလည်း လေဒီအက်ရှ်တန်ဆိုတာကလည်း သူတို့ဆီက ဒုတိယအကြီးဆုံး ခေါင်းဆောင် ဖြစ်တဲ့အတွက်  အရှိတိုင်းမြင်သွားပြီး ကူညီနိုင်မယ့်ဟာအတွက်လည်း သံန္နိဋ္ဌာန် ချသွားနိုင်တာပေါ့။”

မြန်မာပြည် ပြုပြင်ပြောင်းလဲရေးစတင်ကတည်းက အီးယူက စီးပွားရေးအကူအညီတွေပေးခဲ့ပြီး အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ငြိမ်းချမ်းရေးအတွက်လည်း  မြန်မာ ငြိမ်းချမ်းရေး စင်တာကိုလည်း ထောက်ပံ့ကူညီမှုတွေ  ပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ သမ္မတ ဦးသိန်းစိန် ဘရပ်ဆဲလ် ခရီးစဉ်အတွင်း အီးယူ အကြီးအကဲ ဗန်ရွန်ပူ၊ ဘာရော့ဆိုတို့နဲ့  အီးယူမြန်မာ အထူး လုပ်ငန်း အဖွဲ့နဲ့ ပတ်သက်ပြီး ပထမဆုံး ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက်  မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့မှုကလွဲလို့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဖြေလျော့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013