ဥရောပဘက်က ဝေဖန်နေပေမဲ့ ရုရှားနဲ့ အမေရိကန်တို့အကြား စီးပွားရေးနဲ့ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ရှိနေဦးမယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိုယ်စားလှယ် ခီရေးလ်ဒမစ်ထရစ်ဗ်က အောက်တိုဘာ ၂၁ ရက်က စိန့်ပီတာစဘတ်မြို့မှာ ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ်တို့ ဆွေးနွေးအပြီးမှာ ဒမစ်ထရစ်ဗ်က မီဒီယာတွေကို ပြောခဲ့တာပါ။
ရုရှားနိုင်ငံအနေနဲ့ အမေရိကန်ဈေးကွက်တွေဆီ ဓာတ်မြေသြဇာတွေ တင်ပို့ပေးနိုင်တဲ့ စွမ်းဆောင်ရည် ရှိတဲ့အကြောင်း ပူတင်က ထည့်ပြောခဲ့တယ်လို့လည်း ဒမစ်ထရစ်ဗ်က ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်း မိသားစုတွေ ပြန်လည်ပေါင်းစည်းရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တခြားစီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်ပ်ကို ပူတင်က ကျေးဇူးတင်စကား ပြောခဲ့တယ်လို့လည်း ဒမစ်ထရစ်ဗ်က ပြောပါတယ်။
ဝစ်ကော့ဖ်ဟာ နော်ဝေမြို့တော် အော်စလိုမြို့ကတဆင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ဆီ ရောက်လာတာပါ။
အော်စလိုမြို့တော်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၊ ဖင်လန်နဲ့ နော်ဝေ ခေါင်းဆောင်တွေ၊ ဥရောပသမဂ္ဂနဲ့ NATO ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ရုရှားနဲ့ ယူကရိန်းတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စနိုင်မဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒမစ်ထရစ်ဗ်ဟာ အမေရိကန်နိုင်ငံနဲ့ ဖြစ်လာနိုင်စရာရှိတဲ့ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ပူတင်က တာဝန်ပေးခံထားရတဲ့ အဓိကလူတယောက်လည်း ဖြစ်ပါတယ်။
Source: Reuters











