
ကချင်ပြည်နယ် ရွှေကူမြို့မှာ ပစ်ခတ်ခံတာကြောင့် ဆိပ်ကမ်းမှာရပ်ထားရတဲ့ "ပေါက်တန်း" သင်္ဘောက တာဝန်ရှိသူတွေ ထွက်ပြေးသွားတဲ့အတွက် ဒီနေ့ညနေ ၃ နာရီ ဗန်းမော်အကျဉ်းထောင်ကို အကျဉ်းသားမို့မယ့်အစီအစဉ် ဖျက်လိုက်ရတယ်လို့ သိရပါတယ်။
အဆိုပါသင်္ဘောဟာ ပြီးခဲ့တဲ့မေလ ၆ ရက်နေ့ညက ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီးမှာ မန္တလေးကနေ ကချင်ပြည်နယ်ဘက်ကိုဆန်တက်လာစဉ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဗန်းမော်ကို ခရီးမဆက်ဘဲ ရွှေကူသင်္ဘောဆိပ်မှာ ရပ်နားထားတာပါ။
ဒီနေ့မှာတော့ ကုန်ပစ္စည်းတွေနဲ့အတူ အကျဉ်းသား ၁၈ ဦးကိုတင်ပြီး ဗန်းမော်အကျဉ်းထောင်ကို ပို့ဆောင်ဖို့လုပ်တုန်း သင်္ဘောတာဝန်ရှိသူတွေ ၇ ဦး ထွက်ပြေးကြလို့ ခရီးစဉ်ကို ဖျက်လိုက်ရတာပါ။
ထွက်ပြေးသွားတဲ့ ၇ ဦးအနက် ၆ ဦးပြန်လည်အဖမ်းခံရပြီး ၁ ဦး လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောပေါ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး ၂ လက် (အမျိုးအစားအတည်ပြုဖို့ခက်ခဲ) တင်ဆောင်ထားတယ်လို့သိရပြီး သင်္ဘောပေါ်ရောက်ရှိနေပြီဖြစ်တဲ့ အကျဉ်းသား ၁၈ ဦးကိုတော့ မြို့နယ်ရဲစခန်းကို ပြန်ခေါ်သွားပြီလို့ သိရပါတယ်။