DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းမြေ ပြန်ရရေး ထားဝယ်လယ်သမားများ ဆန္ဒပြ
DVB
·
November 11, 2013
Gallery image 1
1 / 15
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဒီနေ့မနက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

pictureလယ်သမား ၁၀၀ လောက်ဟာ ဒီနေ့မနက် ကမြောကင်းလမ်းဆုံကနေ မြို့တပတ် လမ်းလျှောက် ဆန္ဒဖော်ထုတ်တာ ဖြစ်ပြီး မြို့လူထုတွေကလည်း ထောင်ချီပြီး လိုက်ပါ အားပေးခဲ့ကြပါတယ်။

ဆန္ဒပြ လယ်သမားတွေဟာ တပ်သိမ်းလယ်ယာမြေတွေ ပြန်လည်ရရှိရေး၊ မတရားသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ မှတ်ပုံတင်ခွင့် ရရှိရေး၊ သိမ်းဆည်းမြေတွေပေါ် အဆောက်အအုံ ဆောက်လုပ်နေမှုတွေ ချက်ချင်း ရပ်ပေးရေး စတဲ့အချက်တွေကို ကြွေးကြော်ပြီး ချီတက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြ လယ်သမား ဦးထွန်းထွန်းဝင်းက “ဆန္ဒပြတာက မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက်ဖြစ်တယ်။ ကျနော်တို့ ဘိုးဘွားပိုင်လယ်မြေ ၁၄ ဧက အသိမ်းခံထားရတယ်၊ ထားဝယ်မြို့ပေါ်မှာ အသိမ်းခံထားရတဲ့ လယ်သမားက အကုန်လုံး ၆၀ လောက်ရှိတယ်။ လယ်ဧကက ၃၀၀ လောက်ရှိတယ်” လို့ ပြောပါတယ်။

သိမ်းဆည်းခံရတဲ့ လယ်ယာမြေအများစုဟာ ၁၉၉၀ ပြည့်နှစ် စစ်အစိုးရလက်ထက် ကတည်းက စစ်တပ်နဲ့  ကုမ္ပဏီတွေက သိမ်းထားတာလို့ ဆိုပါတယ်။

လယ်ယာမြေမှတ်ပုံတင်ခွင့် သွားတောင်းတာ မရတဲ့အတွက် အခုလို ဆန္ဒပြတာလို့ ဆန္ဒပြတောင်သူ ဒေါ်ရီရီဌေးက ပြောပါတယ်။

“ကျမတို့က ဒီနေ့အချိန်ထိလည်း လယ်လုပ်နေတယ်။ ၂၀၁၁ အထိလည်း အခွန် ဆောင်ထားတယ်။ ၂၀၁၂ မှာ အခွန်ဆောင်ခွင့် မရတော့ လယ်ယာမြေ မှတ်ပုံတင်ခွင့် တနိုင်ငံလုံးမှာ ချပေးနေတော့ သွားတောင်းတယ်။ ၁၉၉၀ တုန်းက သိမ်းထားတဲ့မြေ ဖြစ်လို့ လယ်ယာမြေ မှတ်ပုံတင်ခွင့် ပေးလို့မရဘူး ပြောတယ်။ အဓိက မှတ်ပုံတင်ခွင့် မပေးတာ။ ၁၉၉၀ တုန်းက သိမ်းထားတယ်ဆိုတာ ကျမတို့လည်း ဘာမှမသိရဘူး။”

လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ဦးသန်းဝင်းကတော့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေအနေနဲ့ လယ်သမားတွေနဲ့ အကျေအလည် ညှိနှိုင်းဆောင်ရွက်စေချင်တယ်လို့ ပြောပါတယ်။

“လယ်သမားတွေနဲ့ ပြေလည်ညှိနှိုင်းမှု မရခင်မှာ လက်ရှိ ဆောက်နေတဲ့ အဆောက်အအုံတွေကို ရပ်ဆိုင်းထားပေးပါ၊ အဆောက်အအုံ ဆောက်ပြီးတဲ့နေရာမှာ ကာလပေါက်ဈေးထက် လျော်ကြေးပေးပါ။ မဆောက်သေးတဲ့ နေရာတွေမှာလည်း လယ်ယာမြေ မှတ်ပုံတင်ခွင့်တွေ ပေးပါ။ တာဝန်ရှိသူတွေအနေနဲ့ အဲဒါတွေကို လယ်သမားတွေနဲ့ ကျေကျေလည်လည် ညှိနှိုင်းပြီး အဖြေတခု ထွက်မှ လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကို လုပ်စေချင်တယ်။”

တကယ်လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေက သိမ်းဆည်းမြေယာကိစ္စ မဖြေရှင်းပေးဘူးဆိုရင် တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ လယ်သမားတွေက ပြောပါတယ်။

မြေသိမ်းမှု ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေနဲ့ပတ်သက်ပြီး ထားဝယ်မြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက “အုပ်ချုပ်ရေးပိုင်းကတော့ ပေးပြီးသားပါ။

သိမ်းဆည်းဧကတွေအတွက် ၄၀-၆၀ ပေ သိန်း ၁၀၀ တန် မြေကွက် ၁ ကွက်စီ ပေးထားပြီးသားပါ။ အားလုံး တောင်သူလယ်သား ၆၀ မှာ ၃၀ ကျော်ကို ကျနော်တို့ဆီမှာ လျော်ကြေး ယူပြီးပါပြီ။ ၂၄ ဦးပဲ ကျန်ပါတယ်၊ လျော်ကြေးလာမယူတာ။ ၂၀၁၂ နောက်ပိုင်း ဩဂုတ်လမှာ ထုတ်ထားတဲ့ မြေယာသစ်ဥပဒေအရ လျော်မယ်ဆိုရင်လည်း ကျနော်တို့ လျော်ပေးလို့ရပါတယ်။ ၁၉၉၀ တုန်းက သိမ်းထားတဲ့ ပြဿနာတွေပါ၊ အဲတုန်းက သူတို့ မတောင်းဆိုခဲ့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ထားဝယ်မြို့ ဆန်းချီရပ်ကွက်မှာ လယ်သမားတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေတွေပေါ်မှာ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက ခြံစည်းရိုးခတ်ပြီး ရင့်မှည့် စပါးခင်းတွေအပေါ် မြေကြီးတွေ လာဖို့ခဲ့လို့ အချေအတင် ဖြစ်ခဲ့ရာက အစပြုပြီး အခုလို ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့မှာ လယ်စိုက်ဧက စုစုပေါင်း ၄ သောင်းကျော် ရှိပြီး လယ်သမားက ၃ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။

[gallery link="file" ids="46312,46313,46314,46315,46316,46317,46318,46319,46320,46321,46322,46323,46324,46325"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013