
မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတ ပြုန်းတီးမှု အခြေအနေကို သိနိုင်ဖို့အတွက် နော်ဝေ နိုင်ငံ အကူအညီနဲ့ အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါး အကုန်အကျခံပြီး ငါးသယံဇာတ သုတေသန ဆောင်ရွက်မယ်လို့ ငါးလုပ်ငန်း ဦးစီးဌာနရဲ့ ဒုညွှန်ချုပ် ဦးထွန်းဝင်းက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့က နော်ဝေပိုင် ဒေါက်တာ ဖရစ် ဂျု့ နန်စင် (Dr Fridt jof nansen) သင်္ဘောပေါ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
ဒီ သုတေသနသင်္ဘောဟာ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ရန်ကုန်ကနေ ရခိုင်ဘက်ကို ထွက်ခွာမှာ ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့အထိ ၃၈ ရက်တိုင်တိုင် သုတေသန လုပ်မှာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း မြန်မာ့ပင်လယ်ပြင် ရေအပူချိန်၊ ဆားငံရေ ပါဝင်မှု၊ အောက်ဆီဂျင်နဲ့ ဇီဝဆိုင်ရာအချက်အလက်တွေ၊ ရေပေါ်နဲ့ ရေအောက် သယံဇာတ တည်ရှိမှု အနေအထား အပါအ၀င် ကိစ္စရပ်ပေါင်းများစွာ သုတေသနလုပ်မှာ ဖြစ်ပြီး ရလာတဲ့ ရလဒ်တွေအပေါ်မှာမှ မြန်မာ့ ငါးသယံဇာတ ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ရေတိုနဲ့ ရေရှည် စီမံကိန်းတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ဦးထွန်းဝင်းက ရှင်းပြပါတယ်။











