
မဲခေါင်မြစ်ခွဲတွေထဲမှာ ခဲဆိပ်အပါအဝင် လေးလံတဲ့ သတ္တုဓာတ်တွေ ညစ်ညမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှန်တကယ် တာဝန်ရှိသူကို ဖော်ထုတ်နိုင်ဖို့အတွက် အချက်အလက်နဲ့ သိပ္ပံနည်းကျ အထောက်အထားတွေအပေါ် အခြေခံကာ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ပူးတွဲစုံစမ်းစစ်ဆေးကြဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်တဲ့အကြောင်း Thai PBS World သတင်းမှာ ဇူလိုင် ၈ ရက်က ဖော်ပြပါတယ်။
ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းနိုင်ရေးအတွက် နှစ်နိုင်ငံကြား ဆက်သွယ်ညှိနှိုင်းမှုတွေ အားကောင်း အောင်လုပ်ဖို့နဲ့ ပူးတွဲစုံစမ်းစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်သွားဖို့ တရုတ်နိုင်ငံ အနေနဲ့ ထောက်ခံအားပေးတယ်လို့ ဘန်ကောက်မြို့က တရုတ်သံရုံးရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ သံရုံးပြောရေးဆိုခွင့်ရှိသူက ရေးသားဖော်ပြထားတာပါ။
အခု ရေထုညစ်ညမ်းမှု ပြဿနာကြောင့် ဘန်ကောက်မြို့က တရုတ်သံရုံးနဲ့ ချင်းမိုင်မြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွေမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံဟာ ဒီအရေးကိစ္စကို အနီး ကပ်စောင့်ကြည့်နေပြီး မြစ်ဝှမ်းတလျှောက် နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို နားလည် စာနာမိကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
"အခု ပြဿနာဖြစ်နေတဲ့ မြစ်တွေဟာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစလုံး မျှဝေသုံး စွဲနေတဲ့ နယ်စပ်ဖြတ်ကျော် ရေစီးကြောင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို အချက်အလက်၊ သိပ္ပံပညာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေအပေါ် အခြေခံပြီး စုံစမ်းစစ်ဆေးရမှာဖြစ်သလို၊ ဒါမှလည်း ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာကို ရှင်း ရှင်းလင်းလင်း ဖော်ထုတ်နိုင်မှာပါ။"
ဒါ့အပြင် မဲခေါင်မြစ်ရဲ့ ဂေဟစနစ်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ ဒီမြစ်ဝှမ်းဒေသမှာရှိတဲ့ နိုင်ငံအားလုံးရဲ့ တူညီတဲ့အကျိုးစီးပွားနဲ့ ဘုံတာဝန်ဖြစ်တယ်လို့ ပြောရေး ဆိုခွင့်ရှိသူက ပြောလိုက်သလို မြစ်ဝှမ်းဒေသရဲ့ ဂေဟစနစ် လုံခြုံစိတ်ချရစေဖို့အတွက် ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေမှာ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ တရုတ်နိုင်ငံက အသင့်ရှိနေကြောင်းလည်း ဖြည့်စွက် ပြောပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းက တရုတ်နောက်ခံပြု သတ္ထုတူးဖော်ရေး လုပ်ငန်းတွေကြောင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းက ကွေ့မြစ်၊ စိုင်မြစ်၊ ရော့မြစ်နဲ့ မဲခေါင်မြစ်တွေကို ထိခိုက်နေတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုခဲ့ပြီးတဲ့ နောက်မှာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကတော့ အခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရမှုတွေအပေါ် တာဝန်ယူ ဖြေရှင်းပေးဖို့နဲ့ ပြည်ပမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဒီထက် ပိုပြီး တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရနဲ့ တရုတ်အစိုးရ နှစ်ဦးစလုံးကို တောင်းဆိုထားကြပါတယ်။
Source: PBS










