ရခိုင်ဒေသထုတ်ကုန်များ ဒေသအတွက် ဖူလုံမှုမရှိဖြစ်နေ

ရခိုင်ပြည်နယ်မှာ ဒေသထွက်ထုတ်ကုန်တွေဟာ ဒေသခံပြည်သူတွေအတွက် ဖူလုံမှုမရှိဘဲ ဖြစ်နေတယ်လို့ ဒေသထုတ်ကုန် ထုတ်လုပ်နေသူတွေဆီကနေ သိရပါတယ်။
ဒေသထွက်ကုန်တွေဟာ ကုန်ကြမ်းလိုအပ်ချက် သွင်းအားစု ဈေးမြင့်မှုစတာတွေကြောင့် ဒေသတွင်း စားသုံးမှုလုံလောက်တဲ့အထိ မထုတ်လုပ်နိုင်ဘူးဖြစ်နေတယ်လို့ ကျောက်တော်မြို့နယ်က စားသုံးဆီ ထုတ်လုပ်သူတယောက်က ပြောပါတယ်။
"အဓိကက ကုန်ကြမ်းတွေရဖို့ခက်တာပါ။ ဆီမှာဆို မျိုးစေ့ပေါ့။ ကိုယ့်ဆီက မျိုးစေ့ထုတ်စိုက်ရင် သီးထွက်နှုန်းကျတယ်။ သွင်းအားစုတွေဈေးမြင့်တော့ သီးထွက်နှုန်းကျတာနဲ့ အဆင်မပြေကြဘူး။ ပြီးတော့ သွင်းအားစုဈေးမြင့်တာကလည်း ထုတ်လုပ်မှု ပိုကျစေတယ်လေ။ ဒါတွေကြောင့် မဖူလုံ နိုင်သေးတာ။ ခုဆီက အိန္ဒိယကနေ အများကြီးပဲတင်သွင်းရတယ်။ ဒေသထွက်ဆီက လူတန်းစား တရပ်လောက်ပဲ စားသုံးနိုင်တဲ့အဆင့်မှာရှိနေတယ်။”
ရခိုင်မှာ စားသုံးဆီကို ဒေသတွင်းစိုက်ပျိုးတဲ့ မုံညင်းနဲ့ မြေပဲတို့ကနေ ထုတ်လုပ်နိုင်မှုရှိပေမဲ့ ဈေးမြင့်တာ၊ သီးနှံစိုက်ပျိုးနိုင်မှုနည်းပါးတာ စတာတွေကြောင့် ဒေသရဲ့ စားသုံးဆီ လိုအပ်ချက် အတွက် စားသုံးဆီတွေကို အိန္ဒိယနဲ့ ပြည်မကနေ တင်သွင်းနေရဆဲဖြစ်ပါတယ်။
ဒါ့အပြင် ဒေသမှာ ဥစားကြက်မွေးမြူရေးတွေ လုပ်ကိုင်တာရှိကြပေမဲ့ ကုန်ကျစရိတ်ကြီးမြင့်မှု တခြားနည်းပညာနဲ့ သွင်းအားစုလိုအပ်ချက်တွေကြောင့် လုပ်ကိုင်သူနည်းပါးတဲ့အတွက် ဒေအတွင်း ဖူလုံအောင် မထုတ်လုပ်နိုင်ဘဲ ကြက်ဥတွေကို အိန္ဒိယဘက်ကနေ အများအပြား တင်သွင်း နေကြရဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် တခြား ငရုတ်၊ ကြက်သွန်အစရှိတဲ့ စားသုံးကုန်တွေဟာလည်း ဒေသတွင်း စိုက်ပျိုးကြပေမဲ့ စိုက်ပျိုးသူ မရှိသလောက်နည်းပါးတဲ့အတွက် ဒေသလိုအပ်ချက်ကို မဖြည့်နိုင်ဘူးဖြစ်နေတယ်လို့ စိုက်ပျိုးရေးလုပ်ကိုင်သူလည်းဖြစ် လက်ရှိဒေသတွင်း မြေဩဇာထုတ်လုပ်နေသူလည်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။
"သီးခွဲစိုက်ပျိုးမှုနည်းလို့လို့ ပြောရမယ်။ ဒီမှာက တယောက်က ခရမ်း၊ ဂေါ်ဖီဆို နောက် တယောက် လည်း ခရမ်းဂေါ်ဖီပဲ။ တခြားဟာတွေ သိပ်မစိုက်ဘူး။ ငရုတ်တော့စိုက်တယ် ဒါပေမဲ့ မလုံလောက် သေးဘူး။ ကြက်သွန်တို့ ဘာတို့ဆို လုံးလုံးမစိုက်ကြတာများတယ်။ စားသောက် ကုန်စည်အား လုံးနီးပါးက ကိုယ့်ဆီမှာ စိုက်ပျိုးလို့ရပေမဲ့ သူများဆီကပဲ မှီခိုနေရတယ်။ ဒါတွေက လယ်သမားတွေ ဘက်ကလည်း လိုအပ်သလို သက်ဆိုင်ရာတွေဘက်ကလည်း အသိပညာပေးဖို့နဲ့ စိုက်နိုင်အောင် လုပ်ပေးဖို့ လိုအပ်တယ်။"
ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပေမဲ့ ဒေသတည်ငြိမ်စဉ် ကတည်းကနေ ဒေသတွင်းစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ ကုန်စည်တွေဟာ ဒေသတွင်းဖူလုံမှုမရှိခဲ့တာ ဖြစ်ပြီး လက်ရှိ ဒေသမတည်ငြိမ်မှုတွေကြား ကုန်စည်လမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတဲ့ အခြေနေမှာ ဒေသထုတ်ကုန်ထုတ်လုပ်နိုင်မှုဟာ ပိုမိုလျော့ကျလာခဲ့တယ်လို့ စိုက်ပျိုးရေး လုပ်ကိုင်သူ တွေနဲ့ ဒေသကုန်ထုတ်လုပ်သူတွေဆီကနေ သိရပါတယ်။











