
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၂ စီး နဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာအနီးကို ဒီကနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက် ၁၁ ခွဲကျော်လောက်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပလက်ဝဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“၁၁ နာရီခွဲကျော်လောက်က ဗုံးလာချသွားတာ။ စိမ်းညှင်းဝကျေးရွာဝန်းကျင်မှာ ကျတယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ ကနဦး သိရတယ်။”
စိမ်းညှင်းဝကျေးရွာဟာ ကျောက်တော်-ပလက်ဝ လမ်းပေါ်မှာ တည်ရှိပြီး စစ်ဘေးရှောင်တွေလည်း နေထိုင်တယ်လို့ သိရပါတယ်။
"ဒီကနေ့ ရခိုင်ပြည်နယ်ထဲကို ဂျက် ၆ စီးဝင်နေတယ်။ ကနဦး သိရတာက စိမ်းညှင်းဝကျေးရွာ ပတ်ဝန်းကျင်ကို ဂျက် ၂ စီး နဲ့ ပစ်နေတယ်။ အဲဒီဘက်တွေမှာ စစ်ရှောင်တွေ နေကြတယ်။ စစ်ရှောင်စခန်းကျရင် သွားပြီ” လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
စစ်ရှောင်တွေ အများစုနေတဲ့ အဲဒီ စိမ်းညှင်းဝကျေးရွာပတ်ဝန်းကျင်ကို ဗုံးလာကြဲလို့ တကယ်လို့သာ စစ်ရှောင်အများစုနေတဲ့ နေရာကိုကျရင် ထိခိုက်သေဆုံး များနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေပြီး တင်ပြပေးမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် မနက်ပိုင်းကလည်း ပလက်ဝမြို့ပေါ်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆယ်ကျော်သက် မိန်းကလေး ၂ ယောက် ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။











