
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းစံပြကျေးရွာမှာ မေလ ၇ ရက် မွန်းလွဲပိုင်းက အရပ်သား ပြည်သူတစ်ဦး တောထဲသွားနေစဉ် စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပါတယ်။
သေဆုံးသူကတော့ ကင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုကျော်သူစိုးဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို နေ့လယ်ပိုင်းကတည်းက မိသားစုကသယ်ယူလို့မရသေးဘဲ လာသယ်တဲ့သူတစ်ဦးကို စစ်တပ်က သေနတ်နဲ့ချိန်ကာ လက်မြှောက်ခိုင်းပြီး ပါးရိုက်ခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူက မိသားစုရှိသူတစ်ဦးလည်း ဖြစ်ကာ ဇနီးနဲ့ ၇ နှစ်သားအရွယ်သားတစ်ယောက်၊ လသားအရွယ် သားတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ တကျော့ပြန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်သားတော်တော်များများသေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာ ဒေသကာကွယ်ရေးတပ်တွေကို လက်နက်ကြီးသုံး ပစ်ခတ်နှိမ်နင်းနေပြီး ရေကြောင်း၊ ကုန်းကြောင်းကနေ အင်အားသုံးဖြိုခွင်းနေလို့ ဒေသခံတွေ အမြောက်အများလည်း ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။