ကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်တဲ့ ရုရှားစာရေးဆရာကြီး လီယို တော်စတွိုင်းရဲ့ အသံကို AI နည်းပညာနဲ့ ပြန်လည်ဖန်တီးပြီး သူနဲ့ စကားပြောသလို မေးခွန်းမေးနိုင်တဲ့ Chatbot ကို ရုရှားနည်းပညာကုမ္ပဏီ Yandex က မိတ်ဆက်ခဲ့ပါတယ်။
Yandex နဲ့ Tolstoy Heritage Foundation တို့ ပူးပေါင်းဖန်တီးထားတဲ့ ဒီစနစ်မှာ အသုံးပြုသူတွေက မေးခွန်းမေးရင် တော်စတွိုင်းရဲ့ စာအုပ်တွေနဲ့ မှတ်တမ်းတွေထဲက စာသားတွေကို သူ့အသံပုံစံအတိုင်း ပြန်ဖြေပေးတာ ဖြစ်ပါတယ်။
ခက်ခဲတဲ့အလုပ်တခုကို ဘယ်လိုဖြေရှင်းရမလဲလို့ မေးတဲ့အခါ “များများဖတ်ပါ၊ စဉ်းစားပါ၊ တိုတိုနဲ့ ရှင်းရှင်း ပြောနိုင်တဲ့ အတွေးတွေကိုပဲ ရေးမှတ်ပါ” လို့ တော်စတွိုင်းရဲ့အသံနဲ့ ပြန်ဖြေခဲ့ပါတယ်။
ဒီအသံကိုတော့ ၁၉၀၈ ခုနှစ်က တော်စတွိုင်းရဲ့ ယာစ်နာယာ ပိုလီယာနာ စံအိမ်မှာ အမေရိကန်တီထွင်သူ သောမတ်စ် အက်ဒီဆင် ပေးပို့ခဲ့တဲ့ အသံဖမ်းစက်နဲ့ မှတ်တမ်းတင်ထားတဲ့ အသံတွေကို အခြေခံပြီး ဖန်တီးထားတာပါ။
Yandex က တော်စတွိုင်းရဲ့ အသံမှတ်တမ်း မိနစ် ၁၂၀ ခန့်ကို အသုံးပြုပြီး သူ့ရဲ့ အသံအနိမ့်အမြင့်နဲ့ စကားပြောဟန်တွေကို AI နည်းပညာနဲ့ ပြန်လည်ဖန်တီးခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ AI စနစ်ဟာ တော်စတွိုင်းရဲ့ အတွေးအခေါ်အသစ်တွေကို ဖန်တီးနိုင်တာ မဟုတ်သေးဘဲ သူရေးသားခဲ့တဲ့ စာသားတွေကို ရွေးချယ်ပြီး ပြန်ဖြေပေးနေတာ ဖြစ်ပါတယ်။
နောက်တဆင့်မှာတော့ တော်စတွိုင်းရဲ့ အတွေးအခေါ်နဲ့ ဆင်ခြင်တွေးခေါ်ပုံကို အခြေခံပြီး မေးခွန်းအသစ်တွေကိုပါ ဖြေနိုင်တဲ့ AI တခု ဖန်တီးဖို့ ရည်မှန်းထားပါတယ်။
တော်စတွိုင်းရဲ့ အဆက်အနွယ်ဖြစ်သူ ဖျိုကလာ တော်စတာယာကလည်း သူ့ရဲ့ စာသားတွေကို ကိုးကားရုံတင်မဟုတ်ဘဲ အတွေးအခေါ်တွေကို အခြေခံပြီး တော်စတွိုင်းကိုယ်တိုင်နဲ့ စကားပြောနေသလို ဖြစ်စေချင်တယ်လို့ ပြောပါတယ်။
၂၀၂၈ ခုနှစ်မှာ ကျရောက်မဲ့ တော်စတွိုင်းရဲ့ မွေးနေ့ နှစ် ၂၀၀ ပြည့်အတွက် War and Peace နဲ့ Anna Karenina တို့လို နာမည်ကျော်ဝတ္ထုတွေ အပါအဝင် စာမျက်နှာ ၂ သန်းခန့်ရှိတဲ့ သူ့ရဲ့ လက်ရေးမူ မှတ်တမ်းတွေကိုလည်း ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။
ဒါပေမဲ့ နည်းပညာတိုးတက်မှုတွေက သာမန်ပြည်သူတွေအတွက် တကယ်အကျိုးရှိရဲ့လားလို့ မေးခွန်းထုတ်ခဲ့ဖူးတဲ့ တော်စတွိုင်း ကိုယ်တိုင်ကတော့ သူ့ကို AI နဲ့ ပြန်လည်ဖန်တီးတာကို သဘောကျပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ်။
Source: Reuters











