ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ မေလ ၆ ရက် ည ၈ နာရီ ၂၅ မိနစ်လောက်က ခရီးသည်တချို့နဲ့ စားသောက်ကုန်တင်ဆောင်လာတဲ့ "ပေါက်တန်း"သင်္ဘောကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပစ်ခက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောတာဝန်ရှိသူတစ်ဦးရဲ့ တင်ပါးမှာထိခိုက် ဒဏ်ရာရရှိသွားလို့ ရွှေကူမြို့ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ကားနဲ့ ပို့ဆောင်ကုသပေးခဲ့ရပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။
သင်္ဘော"တက်မ"ခန်းနဲ့ ကိုယ်ထည် တချို့ ပျက်စီးသွားတာရှိတယ်လို့လည်း ရေကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်ဟာ လေပြင်းတိုက်ပြီး မိုးရွာနေချိန်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဖြစ်စဉ်ကို သေသေချာချာမသိလိုက်ရဘူးလို့ ပြောပါတယ်။
လက်ရှိအခြေအနေအရ အဆိုပါသင်္ဘောကို ရွှေကူသင်္ဘောဆိပ်မှာရပ်နားထားကာ လုံခြုံ ရေးအခြေအနေအရ ဗန်းမော်ကိုထွက်ခွာဖို့ ဆိုင်းငံ့ထားတယ်လို့သိရပါတယ်။
အဆိုပါ သင်္ဘောပေါ်မှာ စစ်ကောင်စီတပ်တွေအတွက် လက်နက်နဲ့ရိက္ခာတွေ တင်ဆောင်လာလို့ ပစ်ခတ်ခံရတာလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။