DVB Logo
Home
မြန်မာသတင်း
စ၀်ဆုစန္ဒီ လူငယ်ခေါင်း ဆောင်ဆု SNLD လူငယ်တဦးရရှိ
DVB
·
November 12, 2013
စ၀်ဆုစန္ဒီ လူငယ်ခေါင်း ဆောင်ဆု SNLD လူငယ်တဦးရရှိ
Donate to DVB

အမေရိကန်ပြည်ထောင်စု အခြေစိုက် Burma Lifeline အဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၃ လူငယ် ခေါင်းဆောင်ဆုကို  နိုင်ငံရေးလှုပ်ရှားတဲ့  ရှမ်းတိုင်းရင်းသားလူငယ်တဦးဖြစ်တဲ့  စိုင်းဆမ် ဖွန်ဆိုင်က ရရှိသွားပါတယ်။

_MG_0686ဘားမားလိုက်ဖ်လိုင်းအဖွဲ့က ပေးအပ်တဲ့ စ၀်ဆုစန္ဒီ လူငယ်ခေါင်းဆောင်ဆု (Sao Thusandi Leadership Award Ceremony 2013)  ကို နိုဝင်ဘာ ၁၁ ရက်နေ့က လားရှိုးမြို့မှာ ကျင်းပတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ငွေရတုသဘင်ပွဲမှာ လက်ခံရရှိပြီးတဲ့နောက် စိုင်းဆမ်ဖွန်ဆိုင်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံခြားမှာ ပညာသင်နေတဲ့ လူငယ်တွေပေါ့။ ပညာသင်ပြီးရင် ပြန်လာသင့်တဲ့ အချိန်တန်ပြီလို့ ကျနော် ပြောချင်ပါတယ်။ သူတို့အတွက် လုပ်ဆောင်စရာတွေလည်း စောင့်ကြိုနေပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ လူငယ်တွေအတွက် သူတို့ပညာတွေနဲ့ အတွေ့အကြုံတွေ ဖြန့်ဝေပေးဖို့ ဒီက လူငယ်တွေ အခွင့်အရေးများလည်း ဖန်တီးပေးဖို့  တိုက်တွန်းချင်ပါတယ်။”

ဒါအပြင် တိုင်းပြည်တပြည်မှာ နိုင်ငံရေးဟာ အရေးကြီးကြောင်း၊ နိုင်ငံရေး ပြေလည်ရင် အခြားသော လူမှုရေးနဲ့ ပညာရေးတွေပါ ပြေလည်မယ်လို့ ခံယူကြောင်း၊ ရှေ့ဆက် လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လူငယ်ဖွံ့ဖြိုးရေးသင်တန်းတွေ ဆက်ပြီး ဖွင့်လှစ်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

စိုင်းဆမ်ဖွန်ဆိုင်ဟာ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်  အသက် ၁၈ နှစ် အရွယ်ကတည်းကစပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ ပါဝင်ကာ ပါတီလုပ်ငန်း တွေ ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံဘာသာရပ်ကို ၂ နှစ် သွားရောက် လေ့လာ ဆည်းပူးခဲ့ပြီး အမိမြေမှာ လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပါတီရဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ကိုပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
စ၀်ဆုစန္ဒီ လူငယ်ခေါင်းဆောင်ဆုအဖြစ် ဂုဏ်ပြုလွှာနဲ့အတူ ငွေသား ဒေါ် လာ ၃ ထောင်ကို ရရှိခဲ့သလို   အက်စ်အန်အယ်လ်ဒီက ကျပ်ငွေ ၃ သိန်း၊ ရှမ်းပြည် ပူးတွဲ ဆောင်ရွက်ရေး ကော်မတီက ကျပ်ငွေ ၅ သိန်း ထပ်မံချီးမြှင့်ခဲ့တယ်လို့ စိုင်းဆမ်ဖွန်ဆိုင်က ပြောပါတယ်။

ဘားမားလိုက်ဖ်လိုင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ စ၀်ဆုစန္ဒီ ခေါ် အန်ဂါဆားဂျင့်ဟာ ဩစတြီး ယားသူ ဖြစ်ပြီး  သီပေါစော်ဘွားစ၀်ကြာဆိုင်နဲ့ ၁၉၅၄ ခုနှစ်မှာ လက်ထပ် ထိမ်းမြားခဲ့ပါတယ်။  ခင်ပွန်းဖြစ်သူ စ၀်ကြာဆိုင်ဟာ မြန်မာအစိုးရရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံရပြီး နောက် သူမလည်း မြန်မာပြည်မှာ မနေတော့ဘဲ နိုင်ငံခြားကနေပြီး ဒုက္ခသည်တွေကို တဘက်တလမ်းက ကူညီ ထောက်ပံ့ခဲ့ပါတယ်။

အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူ ရှမ်းလူငယ်တွေကို ရွေးချယ်ပြီး  ၂၀၀၈ ခုနှစ်က စတင်ကာ  နှစ်စဉ် ဆုချီးမြှင့်ပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013