
အိန္ဒိယနိုင်ငံတဝန်း ရေကြီးနေတဲ့ လမ်းတွေကနေ ဒေသခံတွေနဲ့ မွေးမြူရေး တိရစ္ဆာန်တွေကို ကယ်ဆယ်ရေးသမားတွေက ဇူလိုင် ၂၇ ရက်မှာ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။
မုတ်သုံမိုးရေကြီးမှုကြောင့် နိုင်ငံရဲ့ အထိခိုက်ဆုံးပြည်နယ် ၂ ခုမှာ ဆက်ပြီး ရေလွှမ်းခဲ့ပါတယ်။
မိုးသည်းလို့ ဂူဂျာရတ်နဲ့ အာသံပြည်နယ်တွေမှာ အပြင်းအထန် ရေကြီးခဲ့ပြီး အကြီးအကျယ် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။ လူထောင်ပေါင်းများစွာဟာ ရေထဲမှာ ပိတ်မိနေပါတယ်။
ဒိုလ်ကာမြို့မှာ ကယ်ဆယ်ရေးအဖွဲ့တွေက ကလေးငယ်တွေ အပါအဝင် ဒေသခံတွေကို လှေတွေနဲ့ ဘေးကင်းရာဆီ ပို့ပေးခဲ့ပါတယ်။
ဒေသခံတွေက ရင်ဘတ်ထိမြင့်တဲ့ ရေတွေကြားမှာ နွားတွေနဲ့ နွားပေါက်လေးတွေကို ကုန်းမြင့်ဆီ သယ်ခဲ့ကြပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်က ရေကြီးမှုအခြေအနေက အလွန်အရေးကြီးနေဆဲဖြစ်ပြီး အိမ်တွေတစိတ်တပိုင်း ရေနစ်မြုပ်နေတာပါ။
အာသံပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ် ၄ ပတ်အတွင်း လူ ၆၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၄၀ လောက် ပျောက်နေတုန်းပဲလို့ အာဏာပိုင်တွေက ပြောပါတယ်။
အာသံပြည်နယ်ရဲ့ ခရိုင် ၁၁ ခုမှာ မိုးသည်းလို့ လူပေါင်း ၆ သိန်းခွဲကျော် ထိခိုက်ခဲ့ရတယ်လို့ ပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်တွေက ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်တဲ့ သတင်းလွှာထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters










