DVB Logo
Home
မြန်မာသတင်း
အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ချပြဆွေးနွေး
DVB
·
November 10, 2013
အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် ချပြဆွေးနွေး
Donate to DVB

အစိုးရအဖွဲ့ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ပြည်သူတွေဆီ တိုက်ရိုက်မဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကတဆင့် ပြန်လည်ချပြတဲ့ ဆွေးနွေးပွဲတခုကို ဒီနေ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ရလဒ်၊ လက်ကျန်နိုင်ငံရေးအကျဉ်းသားစေလွှတ်ရေးနဲ့ လျှပ်စစ်မီတာခ ထပ်တိုးကောက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရ တာဝန်ရှိသူတွေက ချပြခဲ့ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “အဓိက ဒီမိုကရေစီအပြောင်းအလဲကို ရွေ့တော့ရွေ့နေတယ်။ လုံးဝကြီး မရောက်သေးပေမယ့် သူတို့အနေနဲ့ အဲလို ကျင့်စဉ်တွေကိုတော့ စပြီး အကောင်အထည်ဖော်တယ်ပေါ့ဗျာ။ သူတို့အစိုးရက အကျပ်အတည်းထဲမှာ ဖြတ်သန်းပြီး သွားရတာပေါ့။ နောင်အစိုးရတွေအတွက် လမ်းခင်းပေးတဲ့သဘောပေါ့” လို့ ပြောပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်းနဲ့ လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံရေးပါတီတွေ၊ အေဘီအက်စ်ဒီအက်ဖ်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပြီး အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီးတာခတက်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို တောင်းပန်ကြောင်းနဲ့ မီတာခကို အရင်နှုန်းထားအတိုင်း ဆက်လက်ကောက်ခံသွားမယ်လို့ ပြောပါတယ်။

“မီတာခနဲ့ ပတ်သက်လို့ ၀င်ငွေအပေါ်မှာ မူတည်ပြီး ဆောင်ရွက်ခဲ့တဲ့ ကျနော့်အားနည်းချက်ကြောင့် ကသိကအောက်ဖြစ်ခဲ့တာကိုလည်း တောင်းပန်ပါတယ်။ ကျနော့်အနေနဲ့ ပြည်သူတွေရဲ့ အသံကို ပြန်နားထောင်ပြီး၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ပြောကြားချက်အပေါ် မူတည်ပြီး ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေကို တင်ပြချင်တာကတော့ ကျနော်တို့ဝန်ကြီးဌာနက လုပ်တဲ့ အားနည်းချက်တွေကိုလည်း ပြောပါ။ လုပ်ဆောင်သင့်တာတွေကိုလည်းပြောပါ၊ မှားနေတာတာတွေကိုလည်း ထောက်ပြပါ။ ကျနော်တို့အနေနဲ့ ဒါတွေအားလုံးကို ခံယူပြီးတော့မှ ဆောင်ရွက်သွားပါမယ်။”

အခုလိုပြောသွားတဲ့အပေါ် ဦးခင်မောင်ဆွေက “ပြီးခဲ့တဲ့ကိစ္စမှာ သူတို့ တဖက်သတ်လုပ်တယ်လို့ ထင်မြင်ယူဆခံရတဲ့အခါမှာ လုပ်ငန်းကိုင်ငန်း အခက်အခဲ ဖြစ်သွားပုံပေါ်ပါတယ်။ အစိုးရအဖွဲ့ထဲမှာလည်း ပြန်လည်စဉ်းစားရပုံ ပေါ်တယ်။ ပြည်သူတွေကို တနည်းနည်းနဲ့ အသိပေးဖို့ လိုတယ်ဆိုတာ သူတို့ နားလည်သဘောပေါက်သွားပါပြီ” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပိုပြီး ထင်သာမြင်သာရှိအောင် ပြောပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုခဲ့ကြတာကိုလည်း တာဝန်ရှိသူတွေက ပိုပြီးထင်သာမြင်သာရှိအောင် နောက်ပိုင်းမှာ channel တခု ထားပြီး လုပ်ဆောင်သွားမယ့်သဘောမျိုး ပြောဆိုသွားလို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိမ်းကလည်း ဒီဇင်ဘာ ၃၁ ရက် မကုန်ခင် အကျဉ်းထောင်တွေမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးစေလွှတ်နိုင်အောင် နိုင်ငံရေး ပါတီတွေအနေနဲ့ စာရင်းပြုစုတင်ပြပေးပါလို့  ပြောကြားခဲ့ပါတယ်။

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်ကတော့ ပုဒ်မ ၁၈ နဲ့ တရားဆွဲဆိုတာတွေ ရှိနေပါက နိုင်ငံရေးအကျဉ်းသားတွေ ဆက်ရှိနေမှာဖြစ်တာကြောင့် ပုဒ် ၁၈ ပြင်နိုင်ရေးကို ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မပြနိုင်အောင်လို့ ပိတ်ပင်ထားသလိုဖြစ်နေတယ်။ အဲတော့ ပုဒ်မ ၁၈ ကို ပြုပြင်ပြောင်းလဲသင့်တယ်။ အဓိက ပြောင်းလဲသင့်တာက ခွင့်ပြုမိန့်တောင်းခံခြင်းဆိုတာကို အသိပေးခြင်းဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖို့လိုတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013