DVB Logo
Home
Lead Story
တရုတ်နိုင်ငံနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း (ဆောင်းပါး)
DVB
·
May 4, 2021
တရုတ်နိုင်ငံနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်း (ဆောင်းပါး)
Donate to DVB

လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် တရုတ်နိုင်ငံ၏ သဘောထားသည် အခြေခံ ချဉ်းကပ်ပုံကစ၍ မှားယွင်းနေပါသည်။ စစ်ကောင်စီ၏ အာဏာသိမ်းခြင်းကို တရုတ်နိုင်ငံက မြန်မာအစိုးရအဖွဲ့အတွင်း အကြီးအကျယ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခြင်းဟု ရှုမြင်ထားပါသည်။ ဤအခြေခံချဉ်းကပ်ပုံအလွဲသည် မြန်မာလူထုအကြား နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော တရုတ်နိုင်ငံအပေါ် မယုံသင်္ကာစိတ်ကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစေပါသည်။ နဝတ၊ နအဖခေတ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သလို ကာကွယ်စောင့်ရှောက်မှုလည်း ပေးခဲ့သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မြန်မာပြည်သူလူထု၏ နှလုံးသားကို သံမှိုရိုက်သွင်းသကဲ့သို့ ဖြစ်ခဲ့သည်ကို သတိပြုမိရန် လိုအပ်ပါသည်။

ဤသို့သမိုင်းတလျှောက် ကျင့်သုံးခဲ့သော အလွဲအမှားတို့သည် တရုတ်နိုင်ငံက “ပြည်တွင်းရေး၌ ဝင်ရောက်မစွက်ဖက်ရေး” ဟူသော မူဝါဒကို လှေနံဓားထစ် ကျင့်သုံးနေခြင်းအပေါ် အခြေခံလျက် ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ ငါးနှစ်တာ ကာလအတွင်း တရုတ်-မြန်မာ ဆက်ဆံရေးသည် မျက်စိလည်ရလောက်အောင် အထူးကောင်းမွန်ခဲ့ပါသည်။ အစိုးရချင်း ဆက်ဆံရေးသာမက  လူထုမှသည် လူထုဆီသို့ ဟူသော ဆက်ဆံရေးကိုပင် ကောင်းမွန်ခိုင်မာလာအောင် ကဏ္ဍပေါင်းစုံ၌ ကြိုးပမ်းခဲ့သည်ကို တွေ့ခဲ့ရပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဤသို့ ကျယ်ပြန့်ခိုင်မာလာသော ဆက်ဆံရေးအပေါ် မြန်မာလူထုသည် သမိုင်းတလျှောက် ထွေးပွေ့ခဲ့သော မယုံသင်္ကာမှုများ ရှိလင့်ကစား အသာတကြည် လက်ခံခဲ့ပါသည်။ အကြောင်းရင်းကား ရှင်းပါသည်။ ပြည်သူလူထုက ယုံယုံကြည်ကြည် လုပ်ပိုင်ခွင့် လွှဲအပ်ထားသော လူထုအစိုးရ၏မူဝါဒ၊ လုပ်ဆောင်ချက်များ ဖြစ်သောကြောင့် ဖြစ်ပါသည်။ တရုတ်အစိုးရအနေဖြင့် ဤအချက်အပေါ် အလေးအနက် နှလုံးသွင်း၊ သုံးသပ်ရန် လိုအပ်ပါသည်။

စစ်တပ်က သူတို့ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ကျော်လျက် ဥပဒေမဲ့ အာဏာသိမ်းခြင်းကို “အစိုးရအဖွဲ့အတွင်း အကြီးအကျယ် ပြင်ဆင်ပြောင်းလဲခြင်း” ဟု ဝိသေသနတပ်ခဲ့သော တရုတ်အစိုးရ၏ မူဝါဒသည် မြန်မာပြည်သူလူထု၏ ဒေါသကို ပေါက်ကွဲ ပွင့်အံစေခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားသည့် အစိုးရကို ဖျက်သိမ်း၍ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပါ ဖျက်သိမ်းခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်သည် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားကို ရိုက်ချိုးဖျက်ဆီးလိုက်ခြင်း ဖြစ်ပါသည်။ ပြည်သူလူထု ဆန္ဒသည်သာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ အခြေခံဟူသော ဒီမိုကရေစီကျင့်စဉ်သည် တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီကပင် လက်ခံထားသော နိုင်ငံတကာကျင့်စဉ် ဖြစ်ပါသည်။

ငြိမ်းချမ်းစွာ မိမိတို့ဆန္ဒသဘောထား ထုတ်ဖော်နေသော ပြည်သူလူထုအား ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ လုယက်၊ ဓားပြတိုက်နေသော စစ်ကောင်စီ၏ ရာဇဝတ်မှုတို့ကို ထင်ထင်ရှားရှား မြင်တွေ့နေရပါလျက် “မြန်မာ့အရေးအား မြန်မာတို့သာ ဖြေရှင်းပါစေ” ဟု လျစ်လျူရှုနေခြင်းအပေါ် မြန်မာလူထုက မည်သို့မည်ပုံ မခါးသီး မနာကြည်းဘဲ နေနိုင်ပါမည်နည်း။ 

အနောက်နိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် ထိရောက်မှုမရှိဟု တရုတ်အစိုးရက ဝေဖန်နေသော်လည်း အနောက်နိုင်ငံတို့၏ ရပ်တည်ချက်သည် မြန်မာပြည်သူလူထု၏ ခံစားချက်နှင့် တထပ်တည်းကျလျက် ရှိပါသည်။ တရုတ်နိုင်ငံ အပါအဝင် အာဆီယံအဖွဲ့သည် ကောင်စီနှင့် ထိတွေ့ဆက်ဆံပြီး အပြုသဘောဆောင် တိုးတက်မှုများ ဖန်တီးရမည်ဟု စိတ်ကူးယဉ်၊ အိပ်မက်မက်လျက် ရှိပါသည်။ အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံရပ်တည်ချက် ငါးရပ်ကို သဘောတူသယောင်၊ မဆန့်ကျင်ပါဟု ပြောကြားပြီး ရက်ပိုင်းအတွင်း “ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ” အလေးထား စဉ်းစားပေးမည် (လုပ်ဆောင်ပေးမည်ဟု ကတိပြုခြင်းမဟုတ်) ဟု ကလိမ်ကကျစ် ပြုမူနေသော စစ်ကောင်စီထံမှ မည်သို့သော အပြုသဘောဆောင် တုံ့ပြန်မှုကိုမှ ရရှိနိုင်မည် မဟုတ်ပါ။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းက ဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ကြီးမားသော ဆိုးကျိုး သက်ရောက်မည်ကို တရုတ်နိုင်ငံနှင့် အာဆီယံ အပါအဝင် တကမ္ဘာလုံးက မြင်တွေ့နေရပါလျက် ပြည်တွင်းရေး၌ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို လှေနံဓားထစ်၊ တရားသေ ကျင့်သုံးနေပါက မြန်မာပြည်သူလူထုသည် တရုတ်နိုင်ငံအပေါ် မည်သို့မှ နားလည်၊ ခွင့်လွှတ်နိုင်မည် မဟုတ်ပါ။ တရုတ်-မြန်မာ ဆက်ဆံရေးကို အမှန်တကယ် အဓွန့်ရှည် ကောင်းမွန်ခိုင်မာစေလိုပါက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မိသားစုနှင့် လက်တွဲလျက် -

(က) ပြည်သူလူထုကို ဥပဒေမဲ့ဖမ်းဆီး၊ သတ်ဖြတ်၊ လုယက်၊ ဓားပြတိုက်မှုများ ချက်ချင်းရပ်ဆိုင်းရေး၊

(ခ) နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရေး၊

(ဂ) အင်တာနက် အသုံးပြုခွင့်အပါအဝင် နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များ ကျင့်သုံးပိုင်ခွင့် အာမခံချက်ပေးရေး တို့ကို ဖိအားပေးတောင်းဆိုရမည် ဖြစ်ပါသည်။ 

ဤသို့သော အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိပါက မည်သို့သော အပြုအသဘောဆောင် တိုးတက်မှုကိုမျှ ဖန်တီးဆုပ်ကိုင်နိုင်မည် မဟုတ်ပါ။ အင်အားကိုသာ နားလည်ယုံကြည်သော မြန်မာ စစ်ကောင်စီကို အင်အားဖြင့်သာ လမ်းကြောင်းမှန်ပေါ် တွန်းတင်နိုင်မည်ကို ယုံမှားသံသယဖြစ်ရန် မလိုပါ။

လူလေးလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013