
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ထဲကို ဒီကနေ့မနက်ပိုင်းက ဆိုင်ကယ်နဲ့လာတဲ့ ဈေးသည်တွေကို စစ်တပ်က သေနတ်နဲ့ လိုက်ပစ်တာကြောင့် ၂ ယောက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
"သူတို့က မြို့ထဲကို ဆိုင်ကယ်နဲ့ လာကြတာ။ မြို့တောင်ဘက်မှာရှိတဲ့ စစ်သားတွေက သေနတ်နဲ့လိုက်ပစ်တယ်။ ကြောက်လန့်ပြီး ဘေးလမ်းတွေထဲ ဝင်ပြေးကြတော့လည်း ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ တယောက်က ဒူးအောက်ကိုထိတယ်။ နောက်တယောက်က ဗိုက်ကိုရှပ်မှန်တယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာထားပြီး ဆေးကုနေပါတယ်" လို့ ကူညီနေသူတဦးက ပြောပါတယ်။
တောင်တွင်းကြီးမြို့ဝင်လမ်းတွေကို အကြမ်းဖက်စစ်တပ်က ပိတ်ဆို့စစ်ဆေးနေပြီး မြောက်ဘက်အဝင်ဂိတ်က စစ်သားတွေဟာ ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုယ်တွေ့ကြုံခဲ့ရသူတဦးက "မြို့ထဲဝင်မဲ့သူတွေကို မှတ်ပုံတင်စစ်တယ်။ ပိုက်ဆံတွေပါရင်လည်း ယူထားတယ်။ ပိုက်ဆံမပါရင် ရိုက်တယ်။ အသက်ကြီးပိုင်းတွေဆိုရင် ထိုင်ထလုပ်ခိုင်းတယ်" လို့ ပြောပါတယ်။










