DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲကြီး ရန်ကုန်တွင် ကျင်းပမည်
DVB
·
November 8, 2013
ဖွဲ့စည်းပုံဆိုင်ရာ လူထုဆန္ဒခံယူပွဲကြီး ရန်ကုန်တွင် ကျင်းပမည်
Donate to DVB

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံပြင်ဆင်ရေးနဲ့ အသစ်ပြန်လည်ရေးဆွဲရေး လူထု ဆန္ဒတောင်းခံပွဲကြီး တခု ခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ကျင်းပသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက  ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းကြီးမှာ ရန်ကုန်တိုင်း ဒေသကြီး တခုလုံး အတိုင်းအတာနဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ (တနင်္ဂနွေ) ကျင်းပမယ်လို့ အန်အယ်လ်ဒီ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင်  ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“တနင်္ဂနွေနေ့မှာ အန်အယ်လ်ဒီ ရန်ကုန်တိုင်းအနေနဲ့ လုပ်မှာ။ လောလောဆယ်တော့ အကြီးဆုံးပွဲပေါ့ဗျာ။ နောက်ဆိုရင်တော့ ဘာတွေဖြစ်မလဲမသိဘူး။ ကျနော်တို့ ပါတီအနေနဲ့ လုပ်ရတာကိုး၊ အစိုးရမဟုတ်ဘူးလေ။ လူထုဆန္ဒယူတယ်ဆိုတာက အစိုးရလုပ်ရင် ပုံစံတမျိုးပေါ့ဗျာ။ ကုန်ကျစရိတ်အားဖြင့်လည်း အစိုးရဆိုတော့ တတ်နိုင်တယ်။ ကွင်းကြီးတွေ သူတို့လုပ်ချင်တဲ့ နေရာလုပ်နိုင်တယ်။ ကျနော်တို့ နိုင်ငံရေးပါတီ တခုက လုပ်တယ်ဆိုတာ ဗိုလ်စိန်မှန်ကွင်းတောင် သူတို့ လုပ်ပိုင်ခွင့်ပေးလို့ ကျနော်တို့ အံ့ဩနေတယ်။ သောင်းကျော်မှန်းထားတာပဲ။”

၁၀ ရက်နေ့ ကျင်းပမယ့် ဖွဲ့စည်းပုံဆိုင်ရာ ဆန္ဒခံယူပွဲမှာ လူဦးရေသောင်းချီ တက်ရောက်မယ်လို့ ခန့်မှန်းထားပြီး ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။

ဒီကနေ့လည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးမှာလည်း ဆန္ဒခံယူပွဲကျင်းပခဲ့ရာမှာ ရပ်ကွက်သူ ရပ်ကွက်သား ၃ ထောင်လောက်တက်ရောက်ပြီး အများစုက ဖွဲ့စည်းပုံ ပြင်ဆင်လိုကြတယ်လို့ ဦးကိုနီက ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့က လမ်းပေါ်မှာလုပ်တာ။ လူဦးရေ ၃၂၀၀ ကျော် တက်တယ်။ လူဦးရေးများတယ် တော်တော်စိတ်ဝင်စားကြတယ်။ ပြင်ချင်တဲ့ ဘက်က များတယ်။ ပြင်မယ်သူ့က ၉၈ ရာခိုင်နှုန်းလောက်က ပြင်ချင်တယ်။ ပြင်တဲ့နည်းနဲ့ ပြောင်းတာက အလုပ်ဖြစ်နိုင်မယ်လို့ လူတွေက ထင်ကြတယ်။ အသစ်ရေးတဲ့ နည်းဆိုရင် နည်းနည်း အခက်အခဲတွေ ရှိနိုင်တယ်ပေါ့။ ပြင်တာတောင်မှ သူတို့က အလွယ်တကူမပြင်နိုင်အောင် လုပ်ထားတဲ့ အခါကြတော့ ပြင်တဲ့နည်းနဲ့ သွားတာက လက်တွေ့မှာ အလုပ်ဖြစ်နိုင်မယ်လို့ အဲလို ယူဆပြီးတော့ ပြင်တဲ့ဘက်ကို မဲပေးကြတာ များတယ်။ ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေး ဆွဲမလားဆိုပြီး လူထုဆန္ဒခံယူပွဲတွေ ပြီးခဲ့တဲ့ လဆန်းကတည်းကစတင်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအနှံ့ ကျင်းပနေတာပါ။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ လူထုဆန္ဒသဘောထားတွေခံယူပွဲတွေ သွားရောက်လုပ်ဆောင်တဲ့  အန်အယ်လ်ဒီ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် ဦးထွန်းထွန်းဟိန် ကလည်း ပြည်နယ်တွေက တိုင်းရင်းသားတွေရဲ့ ဖွဲ့စည်းပုံအပေါ် သဘောထားတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“များသောအားဖြင့် ၉၅ ရာခိုင်နှုန်းက ပြင်ဆင်ဖို့ပဲ သဘောတူကြပါတယ်။ အနည်းစုလောက်ပဲ အသစ်ရေးဖို့ ဆန္ဒပြုကြတာ တွေ့ပါတယ်။ ပြင်တာကတော့ ရေတိုပြင်တာနဲ့ ရေရှည်ပြင်တာ နှစ်မျိုးရှိပါတယ်။ ရေတိုပြင်တာကတော့ ၂၀၁၅ မတိုင်ခင် ရေရှည်ကတော့ ၂၀၁၅ ဟိုဘက်ပိုင်းပေါ့။ ဒီဘက်ပိုင်းမှာတော့ ပထမဆုံးအနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ရာ လက်တွေ့အားဖြင့် ဖြစ်နိုင်တဲ့ထိအောင်။ နောက်တချက်တော့ တန်းတူညီမျှမှု မရှိတဲ့ ကိစ္စတွေပေါ့။ တန်းတူညီမျှမှု ရှိအောင်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်နယ်နဲ့တိုင်း ခရိုင်အသီးသီးမှာ အောက်ခြေထိ ဆင်းပြီး လူထု သဘောထားကောက်ယူမှုတွေကို လာမယ့် ဒီဇင်ဘာလလယ်လောက်ထိ ကျင်းပသွားမှာဖြစ်ပြီး ကောက်ခံရရှိတဲ့ သဘောထားတွေကို စုစည်းပြီး လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံ တင်ပြသွားဖို့ ရှိပါတယ်။

ဒီကော်မတီကလည်း ဖွဲ့စည်းပုံဆိုင်ရာ အကြံပြုချက်တွေကို မူလက နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထားပေးပို့ကြဖို့ လူထုကို တိုက်တွန်းထားရာက ခု ဒီဇင်ဘာ ၃၁ ရက်ထိ   ရက်ထပ်တိုးပေးကြောင်း ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013