DVB Logo
Home
မေးမြန်းခန်း
မီတာခ တိုးမကောက်ရန် လွှတ်တော်ဆုံးဖြတ် – မေးမြန်းချက်
DVB
·
November 8, 2013
မီတာခ တိုးမကောက်ရန် လွှတ်တော်ဆုံးဖြတ် – မေးမြန်းချက်
Donate to DVB

မီတာခ တိုးမကောက်ဖိုနဲ့ ပြန်လည်သုံးသပ်ပြီး လွှတ်တော်ကို ပြန်တင်ပြဖို့ ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ထဲမှာ မလိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က မီတာခတွေ တိုးမကောက်ဖို့ အရေးကြီးအဆိုတင်တာကို လွှတ်တော်က အတည်ပြု လိုက်တာဖြစ်ပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ရှုံးနေတယ်လို့ ပြောနေပေမယ့် အမှန်တကယ်မှာ မရှုံးဘူးလို့ အဆိုရှင် ဦးအေးမောက်က ပြောပါတယ်။
အဆိုရှင် ဦးအေးမောက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနေ့ အန်ကယ် ပြည်ထောင်စု လွှတ်တော်မှာ မီတာခ မတက်ဖို့ အရေးကြီးအဆိုတင် သွင်းတယ်လို့ ကြားပါတယ်။ ပြောပြပါဦး ခင်ဗျ။

“အဓိကကတော့ ကျနော်တို့က အချက်တွေ အကြောင်းပြတာကတော့ နံပါတ်တစ်က ဒီနေ့ နိုင်ငံတော် လျှပ်စစ်ဓာတ်အားရတာက ၃၀ ရာခိုင်နှုန်းလောက်ပဲရသေးတယ်။ တနိုင်ငံလုံးနဲ့ ခြုံကြည့်ရင် ၃၀ ရာခိုင်နှုန်းနဲ့ ၃၅ ရာခိုင်နှုန်းကြားလောက်ပဲ ရသေးတယ်။ နံပါတ်နှစ်က ပျောက်ဆုံး ယူနစ်တွေ များနေတယ်။ လွှဲမှားစွာ စီမံခန့်ခွဲမှုကြောင့်လည်း ပျောက်ဆုံးတယ်။ နောက်တခါ လူတွေရဲ့ မကျွမ်းကျင်မှုကြောင့်လည်း ပျောက်ဆုံးတာတွေရှိတယ်။ အဲဒါတွေဖြစ်နေတယ် ဒါတွေကိုလည်း ပြန်လေ့လာပေးပါ။ တကယ့်ပြည်သူအတွက်ကို တိုင်းနဲ့ ပြည်နယ်တွေမှာ တိုင်းဒေသကြီးတွေက လျှပ်စစ်မီးကို ၉၀ ရာခိုင်နှုန်းရတယ်။ ပြည်နယ်တွေမှာက ၁၀ ရာခိုင်နှုန်းလောက်ပဲရတယ်။ အဲဒါကို အချိုးညီအောင်လည်း ပြန်လုပ်ပေးဖို့။ နောက်တခါ ပြည်မနဲ့ ပြည်နယ်တွေ လျှပ်စစ် ၁ ယူနစ်ကို ဈေးနှုန်းကွာတဲ့ ကိစ္စ။ လျှပ်စစ် တယူနစ်ကို ပြည်နယ်တွေမှာက သုံးရာ လေးရာ ဖြစ်နေတယ်။ ပြည်တွင်းမှာက ၃၅ ကျပ်ဖြစ်နေတယ်။ ဒီဖြစ်နေတာတွေ ဈေးနှုန်းကို နိုင်ငံတကာမှာလိုပဲ အိန္ဒိယတို့ ဘာတို့လိုမှာပဲ။ တချို့ဟာတွေကို ဈေးယူသင့်တာကိုယူ ဥပမာ - ဇိမ်ခံလုပ်ငန်းတွေမှာ ဈေးယူ။ နောက် အိမ်တွင်း ထုတ်လုပ်မှုလုပ်ငန်းတွေကျရင် သင့်တင့်တဲ့ ဈေးနှုန်းတွေကို လျော့ယူပါဆိုပြီး အဲဒါမျိုးတွေလည်း ပြောလိုက်ပါတယ်ခင်ဗျ။”

အစိုးရက ဘာဆက်လုပ်ရမလဲခင်ဗျ။

“အစိုးရက သူတို့တင်ထားတဲ့ ဈေးနှုန်းတွေကို လျော့ချပေးဖို့ရန်အတွက် ပြန်လည် သုံးသပ်ပြီးတော့ အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်မှာ ပြန်တင်ပေးဖို့။  ပြည်ထောင်စုလွှတ်တော်မှာ မတင်ခင် ဆက်ကြား သူတို့လေ့လာသုံးသပ်နေတဲ့အချိန် ဆက်ကြားမှာလည်းပဲ ဈေးနှုန်း တိုးမြှင့်ခြင်းတွေကို ရပ်ဆိုင်းထားဖို့ တင်ပြလိုက်ပါတယ်ခင်ဗျ။”

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနကကော ဘာများ ပြောသွားပါသလဲခင်ဗျ။
“လာဖြေတဲ့သူက ဒုဝန်ကြီးဖြစ်နေတော့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရဌာနကို ပြန်တင်ပြပြီးတော့ ဒါကို အချိန်မီ ကျနော်တို့ကို ပြန်လည်တင်ပြမယ်လို့ ပြောပါတယ်ခင်ဗျ။”

ဒီမီတာကတော့ လောလောဆယ် လွှတ်တော်က မတိုးနဲ့အုံး ရပ်ထားပေးပါလို့ ပြောလိုက်တဲ့ သဘောပေါ့။

“ဟုတ်တယ်။ မတိုးပါနဲ့အုံး။ ခင်ဗျားတို့ ဒါတွေကို ပြန်စိစစ်ပါ။ ခင်ဗျားတို့တတွေ သုံးတာ ဆွဲတာတွေကို ပြန်ကြည့်ပါ။ ဘယ်လိုမှ မရှုံးနိုင်ပါဘူး။ ကျနော်အဆိုကိုထောက်ခံတဲ့ လွှတ်တော် ကိုယ်စားလှယ်တယောက်က ထောက်ပြတယ်။ ဒီဘတ်ဂျက်စာအုပ်တွေ ကြည့်ရင် မနှစ်ကအထိ ရှုံးတယ်ဆိုတာ မရှိဘူး။ အမြတ်တွေချည်းပဲ  ရှိတယ်ဆိုတာ ထောက်ပြလိုက်တယ်။ သူတို့က ၁၈၈ ဘီလျံလောက် ရှုံးနေလို့ တိုးရတာပါလို့ ပြောတာကိုး။ တကယ်တော့ အခုအချိန်အထိ မရှုံးသေးဘူး။”

ဝန်ကြီးဌာနတခုက မီတာခတွေ တိုးကောက်မယ်ဆိုရင် လွှတ်တော်ကိုတင်ပြီးမှ လုပ်ရတာ မဟုတ်လား၊ သူတို့သဘောနဲ့ သူတို့ တိုးကောက်လို့ရလား။ လုပ်ငန်းစဉ်က ဘယ်လိုရှိလဲ။

“လုပ်ငန်းစဉ်က အမှန်က အစိုးရအဖွဲ့က ဈေးနှုန်းတိုးမယ်ဆိုရင် အစိုးရအဖွဲ့က ဈေးနှုန်း လွှတ်တော်ကို တင်ပြပြီးမှ ဆောင်ရွက်ရမယ်။ မီတာနဲ့ ပတ်သက်လို့လည်း လွှတ်တော်စကာက တင်ပြတယ်၊ လွှတ်တော်က ပယ်ချလိုက်တယ်။”

လုပ်ထုံးလုပ်နည်း မှားနေတယ်လို့ ပြောလို့ရမလား။

“အမှန်တိုင်းဆိုရင် ၀န်ကြီးဌာနအနေနဲ့ လုပ်ထုံးလုပ်နည်း မှားတယ်လို့ ပြောလို့ရပါတယ်။”

ဒီနေ့အဆိုနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။

“သူတို့က မီတာခ တိုးမြှင့်လိုက်တဲ့အတွက် အောက်ခြေ ပြည်သူမှာကတော့ ကောင်းကောင်း ခံစားသွားရတာပေါ့။ ပြည်သူတွေခံစားရတာကို လျစ်လျူရှုလုပ်တဲ့ သဘောမျိုးလည်း ပါတာပေါ့။ ဒါပေမယ့် သူတို့အဆိုမှာ သူတို့ပြောတာက အမျိုးမျိုး သူတို့ လေ့လာတယ်ပေါ့။ အစိုးရကလည်း ရှုံးနေလို့ပေါ့။ တကယ်တော့ အစိုးရက အခုထိ မရှုံးသေးဘူး။ ရှုံးတယ်ဆိုတဲ့ အလားအလာဖြစ်နေတာကလည်း ဥပမာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းအဖွဲ့ ဆိုပြီးလုပ်ထားတယ်။ လစာတွေ အများကြီး ယူထားတယ်။ အဖွဲ့ကြီးတဖွဲ့ဆိုပြီး သီးသန့်လုပ်ထားတယ်။ ပထမရည်ရွယ်ချက်က အစိုးရငွေတွေ မကုန်ဘဲ လုပ်မယ်ဆိုပြီး။ အခုလည်း အစိုးရကို မှီနေတာပဲ၊ ဒီစရိတ်တွေက တက်နေတာပေါ့။ ထို့နည်းတူစွာပဲ ပရောဂျက်တွေ လုပ်တယ်၊ အဲဒါတွေကို အသေအချာလုပ်မယ်ဆိုရင် ဒီထက်မက သက်သာနိုင်တယ်။”

“နောက်ပြီး လျှပ်စစ်ဓာတ်အားက ထုတ်လွှတ်တဲ့ လျှပ်စစ်တွေက နယ်မြေအနှံ့ ဖြန့်ပြီး ပေးဖို့ကတော့ သူတို့ ရင်းနှီးမြှုပ်နှံဖို့ လိုသေးတယ်။ ဒါကြောင့် ကျနော်တို့က စီမံကိန်းကျကျ၊ စီမံချက်နဲ့ လုပ်မယ်ဆိုရင် တဖြည်းဖြည်း ဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013