DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲဖြစ်လာနိုင်သည့် ရွှေကူမြို့တွင် ဒေသခံအချို့ ပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေ
ဟန်န
·
June 12, 2026
Photo: ရွှေကူမြို့ခံများစုဝေးရာ
Photo: ရွှေကူမြို့ခံများစုဝေးရာ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင်းမှာနေထိုင်တဲ့ ပြည်သူတွေကို ထွက်ခွာ တိမ်းရှောင်ထားကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဇွန် ၈ ရက်မှာ သတိပေး ထုတ်ပြန်ထားပေမဲ့ ဒေသခံတချို့ကတော့ အခက်အခဲတွေကြောင့် ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

KIA ဘက်က တိမ်းရှောင်ဖို့ စာထုတ်ပြန်ထားတာကြောင့် အချိန်မရွေး တိုက်ပွဲပြင်းထန်နိုင်တဲ့အတွက် ဒေသခံတချို့တွေ ပြောင်းရွှေ့ကြပေမဲ့ တချို့ကတော့ အခက်အခဲတွေကြောင့် ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သေးတာလို့ ရွှေကူဒေသခံတယောက်က ပြောပါတယ်။

“ရှောင်တဲ့သူတွေလည်း ရှောင်ကြတာပေါ့။ ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေနဲ့ အဆင်ပြေတဲ့သူတွေကတော့ ရှောင်ကြပြီ။ အဆင်မပြေတဲ့သူ မရှောင်နိုင်သေးတဲ့သူတွေလည်း ရှိတယ်။ တချို့ဆို အဆင်မပြေလို့ဆိုပြီး မရှောင်နိုင်သေးတဲ့သူတွေ အများကြီးရှိသေးတယ်။ ကျမတို့ကျတော့လည်း ဘာဖြစ်ဖြစ်ပေါ့ အိမ်မှာဆက်နေဦးမယ်ပေါ့။ ဒါပေမဲ့လည်း အိမ်နီးချင်းတွေကိုတော့ စောင့်ကြည့်ရတာပေါ့။ အခြေအနေတွေ စောင့်ကြည့်ရတာပေါ့။ အချင်းချင်း သတိပေးပြီး ဆက်နေနေကြသေးတာ။ ထွက်တဲ့လမ်းကတော့ ၂ ခုရှိတယ်။ လောလောဆယ်ကတော့ ကားနဲ့လည်း ရှောင်လို့မရဘူး။ စစ်တပ်က ဂိတ်က ပေးမဖြတ်ဘူးတဲ့။ ဆိုင်ကယ်နဲ့ပဲ ဒီလိုပဲ သွားရင်တော့ ရတယ်ပေါ့။ ကားနဲ့ တအိမ်လုံးရှောင်သလိုတော့ လုပ်လို့မရဘူး။ ပေးမဖြတ်ဘူးတဲ့။”

မြို့ထဲမှာ ကျန်ရှိနေတဲ့ ပြည်သူအများစုကတော့ မသေချာတဲ့ အခြေအနေကို စောင့်ကြည့်ရင်း လိုအပ်လာရင် အချိန်မရွေး ထွက်ခွာနိုင်ဖို့ ပြင်ဆင်ထားကြတယ်လို့ ဆိုပါတယ်။

KIA ဘက်က မြို့ကိုစွန့်ခွာဖို့ သတိပေး ထုတ်ပြန်ထားသလို တဖက်မှာလည်း စစ်တပ်ဘက်က ရွှေကူမြို့အတွင်းမှာပဲ ဆက်လက်နေထိုင်ကြဖို့ အရပ်သားတွေကို တိုက်တွန်းနေတယ်လို့ သိရပါတယ်။

ငအိုး-ရွှေကူ မိန်းလမ်းတလျှောက်လုံးကို စစ်တပ်ဘက်က မိန်းလမ်းမကြီးတလျှောက် ကာကင်းတွေချကာ ခြေကုပ်ယူထားတယ်လို့ သိရပြီး အဲဒီနေရာတွေကို တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် တိုက်ပွဲဖြစ်ပွားနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက ရွှေကူမြို့နယ် ၅ လမ်းဆုံနဲ့ ငအိုးဘက်တွေမှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငအိုးကို ရောက်ရှိလာတဲ့ စစ်တပ် စစ်ကြောင်းတွေဟာလည်း ရွှေကူဘက်ကို ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ လမ်းတလျှောက် တိုက်ပွဲတွေကြောင့် ဒီနေ့အထိ အပြည့်အဝ ဝင်ရောက်နိုင်ခြင်း မရှိသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒေသခံတယောက်က “၁၀ ရက်နေ့ ညကတော့ တိုက်ပွဲသံတွေ ကြားရတယ်။ ၁၁ ရက်နေ့ကတော့ နည်းနည်းငြိမ်နေတယ်။ လက်နက်ကြီးတွေရော သေနတ်သံတွေရောပဲ။ ဘုရားကုန်းလား အဲ့ဘက်လေ ငါးဘတ်ကြီး အဲ့ဘက်က ပစ်တာကြားတယ်။ စစ်ကားတွေက နေ့တိုင်းဖြတ်နေတာပဲ။ နေ့ဆိုလည်း နေ့၊ ညဆိုလည်း ည ခုနကတောင် ဖြတ်သွားသေး။ ၅ လမ်းဆုံဘက်မှာ‌တော့ တိုက်ပွဲဖြစ်တယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၆ နှစ်ဆန်းပိုင်းက ထီးချိုင့်မြို့နဲ့ တကောင်းမြို့ အပါအဝင် မန္တလေးတိုင်းအတွင်းက ဧရာဝတီမြစ်ကမ်းဘေး ဒေသတွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထီးချိုင့်-ငအိုး စတဲ့ဒေသတွေကနေ အင်အားရာနဲ့ချီ အသုံးပြုပြီး ရွှေကူမြို့ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာပါ။

လက်ရှိမှာ ငအိုး-ရွှေကူ လမ်းကြောင်းတလျှောက် နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တဲ့ အခြေအနေကြောင့် KIA ဘက်က ရွှေကူမြို့ခံတွေကို မြို့စွန့်ခွာဖို့ ဇွန် ၈ ရက်က သတိပေး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013