DVB Logo
Home
မြန်မာသတင်း
အိမ်ခြံမြေ အရောင်းအ၀ယ် စိစစ်အဖွဲ့ချထားသည့် တန်ဖိုးအတိုင်း မချုပ်ရင် အရေးယူမည်
DVB
·
November 8, 2013
အိမ်ခြံမြေ အရောင်းအ၀ယ် စိစစ်အဖွဲ့ချထားသည့် တန်ဖိုးအတိုင်း မချုပ်ရင် အရေးယူမည်
Donate to DVB

မန္တလေးတိုင်းမှာ အိမ်ခြံမြေ အရောင်းအ၀ယ်အတွက် ယာယီ မှတ်ပုံတင်ထားတဲ့စာချုပ်တွေ တိုင်းတန်ဖိုး စိစစ်အဖွဲ့က ချပေးတဲ့ တန်ဖိုးအတိုင်း စာချုပ် မချုပ်ရင် ဥပဒေအရ အရေးယူသွားဖို့ ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က မန္တလေးမြို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ ဦးမြင့်ကြူက “တန်ဖိုး လျှော့ပြီးတော့ စာချုပ် ချုပ်တာက ယခင်က မှတ်ပုံတင်ရုံးမှာ ဆောင်ရွက်ခဲ့တယ်လေ။ ကျနော်တို့ အခု ရပ်ခိုင်းလိုက်ပြီ၊ ရပ်ခိုင်းပြီးတော့ ဆက်လုပ်မယ်ဆိုရင် ဥပဒေကြောင်း ရှိပါတယ်” လို့ ပြောပါတယ်။

အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စတွေအတွက် စာချုပ်စာတမ်းရုံးတွေမှာ ချုပ်နေကြတဲ့ ယာယီ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကိုလည်း ဆက်လက်မဆောင်ရွက်ဖို့ နိုဝင်ဘာ ၁ ရက်နေ့က စာထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။

အခုလက်ရှိ ယာယီ မှတ်ပုံတင်ထားတဲ့ စာချုပ်ပိုင်ရှင်တွေဟာ တိုင်းတန်ဖိုးစိစစ်အဖွဲ့က ချပေးတဲ့ တန်ဖိုးအတိုင်း စာချုပ်ချုပ်ဖို့ စာထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
တိုင်းဝန်ကြီး ဒေါက်တာ ဦးမြင့်ကြူက “အရပ်ထဲမှာ အရပ်ကတိ စာချုပ်ချုပ် မှတ်ပုံတင်ရုံးမှာ ယာယီစာချုပ်တွေ ချုပ်ခြင်းအားဖြင့် ကျနော်တို့မှာ ရသင့်ရထိုက်တဲ့ တံဆိပ်ခေါင်းခွန်မှာ ဝင်ငွေခွန်များ မရှိပါဘူး၊ ဥပဒေနဲ့လည်း မညီပါဘူးဆိုတာကို ဒီနေရာကနေ တင်ပြလိုပါတယ်” လို့ ပြောပါတယ်။

သက်ဆိုင်ရာ အစိုးရအဖွဲ့က တန်ဖိုး စိစစ်ထားတဲ့ တံဆိပ်ခေါင်းနဲ့ မဟုတ်ဘဲ စာချုပ်ချုပ်ထားတဲ့ မှတ်ပုံတင်စာချုပ် မှန်သမျှကိုလည်း သက်ဆိုင်ရာ တန်ဖိုးစစ်တွေက အစိုးရအဖွဲ့ကို တင်ပြရမှာ ဖြစ်ပါတယ်။

တန်ဖိုးစိစစ်အဖွဲ့က ချပေးတဲ့ နှုန်းထားအတိုင်း စာချုပ် ချုပ်ဆိုရမှာ ဖြစ်ပြီး အဲဒီအပေါ်မှာ ကျသင့်တဲ့ တံဆိပ်ခေါင်းခွန်နဲ့ ၀င်ငွေခွန်တွေကို ကောက်ခံမှာ ဖြစ်ပါတယ်။

တိုင်းဝန်ကြီး ဒေါက်တာဦးမြင့်ကြူက “မြေအရောင်းအဝယ်လုပ်မယ်ဆိုရင် မည်သူမဆို တန်ဖိုး စိစစ်ရုံးကို အရင်ဆုံး သွားရပါမယ်။ ရပေါက်ရလမ်းမှာ မဖော်ပြထားတဲ့ငွေတွေကိုတော့ အခွန်ငွေ ကောက်ပါတယ်။ မဖော်ပြနိုင်တဲ့ငွေ ဖြစ်နေတဲ့အတွက် ၃၀ ရာခိုင်နှုန်း ကောက်မှာ ဖြစ်ပါတယ်။ တံဆိပ်ခေါင်းအခွန်ကိုတော့ ၇ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းမှာ ကုန်သွယ်ရေး၊ အောင်ဘာလေသိန်းထီနဲ့ အခွန်တံဆိပ်ခေါင်း စတာတွေ အပေါ်မှာ ရသင့်တဲ့ အခွန်ငွေဌာန ၄ မျိုး ရှိပြီး အောင်ဘာလေအခွန်ငွေမှာ ၆၀ ရာခိုင်နှုန်း အထိ ရရှိထားပေမယ့် ကျန်တဲ့ အခွန်ငွေ ရရှိမှုမှာတော့ ၃၂ ရာခိုင်နှုန်းပဲ ရနေသေးတဲ့အတွက် အခွန်နှုန်း တိုးမြှင့်ရရှိဖို့ ကြိုးစားသွားမယ့်အကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013