DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ထိုင်းနိုင်ငံအထက်ပိုင်းတွင် မိုးသက်လေပြင်းများ သတိပေး
DVB
·
April 27, 2026
ပျော်ဘွယ်မြို့နယ်၌ ဧပြီ ၂၆ ရက်က မိုးရွာသွန်းပြီးနောက် သစ်ပင်လဲကျနေစဉ်။ (Photo: MSDF)
ပျော်ဘွယ်မြို့နယ်၌ ဧပြီ ၂၆ ရက်က မိုးရွာသွန်းပြီးနောက် သစ်ပင်လဲကျနေစဉ်။ (Photo: MSDF)
Donate to DVB

အခုသီတင်းပတ် ဧပြီ ၂၈ ရက်ကနေ မေ ၂ ရက်အတွင်း ထိုင်းနိုင်ငံအထက်ပိုင်းတခွင်မှာ မိုးသက်လေပြင်းကျတာ၊ လေပြင်းတိုက်ခတ်တာ၊ မိုးသီးကြွေတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားသလို မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့မှာလည်း မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒီသတိပေးချက်ကို ထိုင်းမိုးလေဝသဌာန ထုတ်ပြန်ခဲ့တဲ့ တပတ်တာ မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားတာဖြစ်ပြီး ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာတော့ ထိုင်းနိုင်ငံ အထက်ပိုင်းမှာ အရှေ့တောင်လေနဲ့ တောင်လေတွေ တိုက်ခတ်နေတာကြောင့် မိုးရွာတာ နည်းနေဦးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ နေရာကွက်ပြီး မိုးတိမ်တောင်ဖြစ်တာ၊ လေပြင်းတိုက်တာနဲ့ မိုးကြီးတာမျိုးတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါရက်တွေအတွင်း တရုတ်နိုင်ငံဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းတခုဟာ တောင်တရုတ်ပင်လယ်နဲ့ အရှေ့မြောက်ပိုင်းဒေသတွေဆီ ရောက်ရှိလာမှာဖြစ်ပြီး တဖက်မှာလည်း ထိုင်းနိုင်ငံအထက်ပိုင်းမှာ အလွန်ပူပြင်းတဲ့ ရာသီဥတုက ဆက်ရှိနေဦးမယ်လို့ သတိပေးထားပါတယ်။

ဒီလို လေထုအခြေအနေ ၂ ခု ထိပ်တိုက်တွေ့ရာကနေ နွေမုန်တိုင်းတွေ စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး အစပိုင်းမှာ အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ဖြစ်ပေါ်ကာ အဲဒီနောက်မှာမှ အလယ်ပိုင်းဒေသ၊ ဘန်ကောက်နဲ့ ပတ်ဝန်းကျင်ပြည်နယ်တွေကို ကူးစက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့်မို့ ထိုင်းနိုင်ငံအထက်ပိုင်းက ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာမဲ့ ဆိုးရွားတဲ့ ရာသီဥတုဒဏ်ကို သတိထားကြဖို့ မိုးလေဝသဌာနအနေနဲ့ အကြံပြုထားပါတယ်။

မုန်တိုင်းဖြစ်နေချိန်မှာ ကွင်းပြင်တွေ၊ သစ်ပင်ကြီးတွေနဲ့ သေချာ ခိုင်ခိုင်မာမာ တပ်ဆင်မထားတဲ့ ဆိုင်းဘုတ်ကြီးတွေအနီးမှာ မနေကြဖို့ တိုက်တွန်းထားသလို တောင်သူတွေအနေနဲ့လည်း သီးနှံတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးမှုမရှိအောင် ကြိုတင်ကာကွယ်ထားဖို့ အသိပေးထားပါတယ်။

ထိုင်းမြောက်ပိုင်းဒေသမှာတော့ ဒီရက်အတွင်း ရာသီဥတုပူပြင်းပြီး နေရာကွက်ကျား မိုးသက်လေပြင်း ကျနိုင်သလို ဧပြီ ၂၆ ရက်မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ဧပြီ ၂၉ ကနေ မေ ၂ ရက်အတွင်းမှာတော့ အလွန်ပူပြင်းတဲ့ ရာသီဥတုနဲ့အတူ မိုးရွာသွန်းမှု ပိုများလာနိုင်ပြီး လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်နိုင်ပါတယ်။

ဒီကာလအတွင်း အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီကနေ ၂၈ ဒီဂရီစင်တီဂရိတ်အတွင်း ရှိမှာဖြစ်ပြီး အမြင့်ဆုံးအပူချိန်ကတော့ ၃၄ ဒီဂရီကနေ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်ပါတယ်။

အရှေ့မြောက်ပိုင်းဒေသမှာတော့ ဧပြီ ၂၆ နဲ့ ၂၇ ရက်တွေမှာ ပူအိုက်ပြီး နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။

ဧပြီ ၂၈ ကနေ မေ ၂ ရက်အတွင်းမှာတော့ ဆက်လက်ပူပြင်းနေဦးမှာဖြစ်ပြီး နေရာအနှံ့အပြားမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပါတယ်။ အပူချိန်အနေနဲ့ အနိမ့်ဆုံး ၂၁ ကနေ ၂၇ ဒီဂရီနဲ့ အမြင့်ဆုံး ၃၁ ကနေ ၃၉ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတိပေးထားသလို ချင်းပြည်နယ်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း (အိန္ဒိယ-မြန်မာနယ်စပ်) တလျှောက် အရှိန်အဟုန်ပြင်းတဲ့ မိုးသက်လေပြင်းတိမ်တိုက်တွေ အားကောင်းနေတာကို တွေ့ရတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။

ဧပြီ ၂၇ ရက် ညနေ ၄ နာရီအထိ ရရှိတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်း (အောက်ပိုင်း) နဲ့ မန္တလေးတိုင်းအတွင်း ရွှေဘို၊ မန္တလေးနဲ့ ပြင်ဦးလွင်ဝန်းကျင်မှာ မိုးတိမ်တိုက်ငယ်လေးတွေ စတင်ဖြစ်ထွန်းလာပြီး အရှေ့တောင်ဘက်ဆီ ရွေ့လျားနေသလို ညနေပိုင်းကနေ ညဦးပိုင်းအတွင်း မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အောက်ပိုင်း တချို့မြို့နယ်တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းနဲ့အတူ ရုတ်တရက် လေပြင်းတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မိုးတိမ်တိုက်တွေ ပိုမိုကျယ်ပြန့်လာတာကို တွေ့ရပြီး အထူးသဖြင့် မိုးကုတ်၊ သီပေါနဲ့ လားရှိုး လမ်းကြောင်းတလျှောက် မိုးအသင့်အတင့်ကနေ အားကောင်းနိုင်တဲ့ တိမ်တိုက်တွေ ရှိနေပြီး ညပိုင်းအချိန်အထိ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ခြေ မြင့်မားနေတယ်လို့ ပြောထားပါတယ်။

ဒီကနေ့နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးတိုင်း ပြင်ဦးလွင်၊ ပျော်ဘွယ်၊ စေတုတ္တရာ၊ နေပြည်တော် တပ်ကုန်း၊ ပဲခူးတိုင်း တောင်ငူ၊ ကချင်ပြည်နယ် ဟိုပင်၊ မိုးကောင်းမြို့နယ်နဲ့ ရှမ်းပြည်နယ် တွေမှာလည်း  မိုးသည်းထန် လေပြင်းတိုက်ခတ်လို့ နေအိမ်တွေ အမိုးလန်ပျက်စီးတာနဲ့ သစ်ပင်လဲကျခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013