DVB Logo
Home
နိုင်ငံရေး
စစ်တပ်ကျေးဇူး မူးလို့ ရှူစရာမရှိ (ဆောင်းပါး)
DVB
·
May 1, 2021
စစ်တပ်ကျေးဇူး မူးလို့ ရှူစရာမရှိ (ဆောင်းပါး)
Donate to DVB

၂၀၀၀ ပြည့်နှစ်က “ဗမာနိုင်ငံ အကျပ်အတည်းမှ ထွက်ရပ်လမ်း” ဆိုတဲ့ စာတမ်းတစောင်ကို မိမိ ရေးဖြစ်ပါသည်။ ဒီစာတမ်းကို ဗြိတိသျှစာကြည့်တိုက်မှာ ခြောက်လကြာ သုတေသန ဖတ်ရှုလေ့လာပြီး၊ ထိုခေတ်က  အင်္ဂလိပ်စစ်တပ်မှာ တာ၀န်ထမ်းဆောင်တိုက်ပွဲမှာ ပါ၀င်ခဲ့တဲ့ မိမိ၏ယောက္ခမထီးကိုလည်း မေးမြန်းပြုစုခဲ့ခြင်း ဖြစ်ပါသည်။ အဲဒီအကြောင်းကို VOA အသံမှာလည်း နှစ်နှစ်၊ သုံးနှစ်ကြာအောင် အပတ်စဉ် ရေးသားဖူးပါသည်။ အခုလည်း မြန်မာစစ်တပ်နှင့် ပတ်သက်လို့  အဲဒီထဲက တချို့ကို ကောက်နုတ်တင်ပြချင်ပါသည်။ ‌

ကရင်လူမျိုး မိမိယောက္ခမက ဗြိတိသျှတပ်မှာ တာဝန်ထမ်းဆောင်နေဆဲအချိန်။ ဂျပန် ဝင်လာခိုက် အီဂျစ်မှ မြန်မာပြည်မြိတ်ကျွန်းစုအနီး ရေငုပ်သင်္ဘောဖြင့် ချပေးပြီး ဆက်သွယ်ရေး တာ၀န်ဖြင့် ပါဝင်လာခြင်း ဖြစ်သည်။

ဂျပန် ဝင်လာစဉ်ကတည်းက မြေအောက်ဂျပန်ဆန့်ကျင်တော်လှန်ရေး ပြင်ဆင်ရန် သခင်စိုးနှင့် သခင်သိန်းဖေတို့ တောခိုသွားကြပြီ ဖြစ်သည်။ နောက် သခင်သိန်းဖေက ဗြိတိသျှတပ်နှင့် အဆက်အသွယ်ရရန် အိန္ဒိယသို့ ရောက်သွားပြီ။

၁၉၄၅ မတ်လ ၂၇ ရက် မြန်မာပြည်တခုလုံးအတွက် တော်လှန်ရေးမီးကျည် စမဖောက်မီကပင် ဂျပန်ဖက်ဆစ်ကို ရခိုင်ပြည် ပြောက်ကျားများ ဖြစ်ကြသော ဘုန်းကြီးလူထွက် ဦးစိန္ဒာ၊ ကိုညိုထွန်းတို့က လက်နက်ကိုင် စတင်ပုန်ကန်နေကြပြီ ဖြစ်သည်။ သခင်စိုး ဦးဆောင်သော ကွန်မြူနစ်တို့က ဂျပန်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေး လုပ်ငန်းစခဲ့သည်မှာ အတန်ပင်ကြာခဲ့ချေပြီ။

၁၉၄၁ ခု အစောပိုင်းတည်းက လန်ဒန်ရှိ “အထူးစစ်ဆင်ရေးအဖွဲ့” (Special Operation Executives-SOE) နောက်ချန်တပ်ကို အင်္ဂလိပ်က ထားခဲ့သည်။ ၁၉၄၂ ဂျပန်တို့ မြန်မာပြည် သိမ်းသောအခါ အထူးစစ်ဆင်ရေးအဖွဲ့မှ ကရင်လဲဗီး ၂၀၀၀  ခန့်၊ ကချင်လားဟူ အချို့ကို မြန်မာပြည်တရိုး လဲဗီးတပ်ဖွဲ့ရေးစီမံကိန်းအရ စည်းရုံးပြီးလေပြီ။ ၁၉၄၄ နှောင်းပိုင်း ရောက်သောအခါ ကချင်လဲဗီး ၂၀၀၀ နှင့် ကရင်လဲဗီး ၁၂၀၀၀ အထိ တိုးချဲ့ ဖွဲ့စည်းပြီး ဖြစ်သည်။

၁၉၄၄ ဧပြီလ အင်ဖာတိုက်ပွဲတွင် ဂျပန်တို့ အရေးနိမ့်သွားခဲ့သည်ကို အကြောင်းပြု၍ ဗြိတိသျှ၊ အမေရိကန်နှင့် တရုတ်တို့က မြန်မာပြည်မြောက်ပိုင်းမှ မိုးဦးကျ ထိုးစစ်ပြန်ဆင်ရန် ဆုံးဖြတ်လိုက်ပါသည်။ ရခိုင်ပြည် ဖက်ဆစ်တော်လှန်ရေးအင်အားစု ၁၅၀၀ ခန့်ကလည်း ဗြိတိသျှတို့၏ ၁၉၄၄ ဒီဇင်ဘာလ ထိုးစစ်နှင့်အတူ ဂျပန်ဆန့်ကျင်ရေး ဆက်လက်ဆင်နွှဲပါသည်။

ဗြိတိသျှတပ် ဆုတ်သွားပြီးနောက် မေဂျာဆီးဂရန်း ဦးစီးသော ကရင်ပြောက်ကျားတို့က ဂျပန်တပ် နောက်ပိုင်းကို ပစ်ပြေး တပ်ဖျောက် အနှောင့်အယှက်ပေးနေပြီ။ ၁၉၄၅ မတ်လ အကုန်တွင် မန္တလေးမြို့ မဟာမိတ်လက်ထဲ ကျသွားချေပြီ။ ၁၉၄၅ ဇွန်၊ ဇူလိုင်ကာလအတွင်း မဟာမိတ်အားလုံးပေါင်း (တရုတ်၊ အမေရိကန်၊ ဗြိတိသျှ) တို့ထက် ကရင်က ဂျပန်ကို ပိုမိုသုတ်သင်ချေမှုန်းနိုင်ခဲ့သည်။  လေးလစစ်ဆင်ရေးကာလအတွင်း အထူးစစ်ဆင်ရေး (SOE) ၏ ညွှန်ကြားမှုအောက်မှ ကရင်က  ဂျပန် ၁၂၅၀၀ ခန့် သုတ်သင်ချေမှုန်းနိုင်ကြောင်း မှတ်တမ်းတင် ထားပါသည်။ စစ်အတွင်း ဂျပန်ဆန့်ကျင်ရေးပြောက်ကျားစစ်တွင် အအောင်မြင်ဆုံးဖြစ်ကြောင်း ဗြိတိသျှတို့၏ မှတ်တမ်းဝင်အဖြစ် အထင်အရှား တင်ကျန်ခဲ့ပါသည်။

“မတ်လ ၂၇ ရက်နေ့တွင် ဘီအင်အေတပ် တောခိုကာ ဂျပန်ကို ပြန်တိုက်ခိုက်ခဲ့သည်။ ဘီအင်အေတပ်တို့သည် ဂျပန် ၇၀၀ ခန့် သတ်ဖြတ်ခဲ့သည်။ တဖက်တွင် မဟာမိတ်တို့နှင့် လျှို့ဝှက် ဆက်သွယ်ပြီး အိန္ဒိယသို့ သွားကာ စစ်သင်တန်းတက်စေ၍ လေထီးနှင့်ချပေးသော မန်းဝင်းမောင်၊ လေထီးအုံးမောင် စသူတို့ ဦးစီးသော ပြောက်ကျားတပ်များက ဂျပန် ၁၂၅၀၀ ကို သတ်ဖြတ်ခဲ့သည်။ (See- The Union of Burma by Hugh Tinker)

၁၉၄၅ မတ်လအကုန်တွင် မန္တလေးမြို့ မဟာမိတ် လက်ထဲ ကျသွားချေပြီ။ ဧပြီ ၂၆ တွင် ဂျပန်တို့ ရန်ကုန်မှ စွန့်ခွာကာ မော်လမြိုင်သို့ ဦးတည်ဆုတ်ခွာနေချေပြီ။ မေလ ၃ ရက်တွင် ဗြိတိသျှတို့ ရန်ကုန် ပြန်သိမ်းမိပြီ။

ဤအထက်ပါအချက်များအရ ဂျပန်တို့၏ ရိုင်းစိုင်းရက်စက်မှုအောက်မှ ကယ်တင်ရှင်မှာ မြန်မာပြန် တနံတလျား အနှံ့အပြား တော်လှန်ပုန်ကန်ကြသော ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားတပ်များနှင့် တိုင်းရင်းသား ရခိုင်၊ တောင်ပေါ်ကရင်၊ ကချင် အပါအ၀င် ဗြိတိသျှ မဟာမိတ်တပ်တို့သာ ဖြစ်ကြောင်း ထင်ရှားပါသည်။

မိမိ ယူဂန္ဓာနှင့် ဂါနာနိုင်ငံများတွင် တာဝန်ကျသောအခါ အာဖရိကတိုင်းရင်းသားများပင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိသိမြင်ခဲ့ရပါသည်။ ဂါနာနိုင်ငံ ‘အားခရား’မြို့ရှိ “Arakan Barrack” နှင့် “Burma Barrack” တို့သည် အထင်အရှား ယနေ့တိုင် ရှိနေပါသည်။ ဆရာဦးဝင်းတင် မြန်မာစစ်တပ်ကို ပြောသလိုပင် “စစ်တပ်ကျေးဇူး မူးလို့ရှူစရာမရှိပါ”။

ဘီအင်အေသူပုန်တပ်ကို နှိမ်နင်းရေးအတွက် ချီတက်လာသော ဗြိတိသျှ မဟာမိတ်တပ် အန္တရာယ်က ပိုမိုကြီးနေသောကြောင့် တိုဘတ်စုခေါ် သူပုန်နှိမ်နင်းရေးတပ်ကို အမိန့်ပယ်ဖျက်ပြီး ချက်ချင်း မဟာမိတ်တပ်ကို ရင်ဆိုင်ရန် ဂျပန်တပ်ကို ပဲခူးနှင့် ဖုရားကြီးဒေသသို့ တပ်ရွှေ့ခုခံရန် ဗိုလ်ချုပ်ကြီးမတ်စုအိက ၁၉၄၅ ဧပြီလ ၂၇ ရက်နေ့ နေ့စွဲဖြင့် အမိန့်ထုတ်ပြန်ပါသည်။ (See- Sittang -The Last Battle” by Louis Allen -pp181)

ဤကား ဗိုလ်နေဝင်းနှင့် သူ့နောက်လိုက်များ ပြောသလို တပ်မတော်က ဗမာ့လွတ်လပ်ရေးကို ရယူပေးသည်ဆိုသည်မှာ မှားနေသည်မှာ ထင်ရှားပါသည်။ တဖန် မြန်မာနိုင်ငံ စစ်မီးတာရှည်နေသည်မှာလည်း ဘယ်သူ့ကြောင့်ပါလဲ။ ယခုအခါ အားလုံး လယ်ပြင် ဆင်သွားသလို ရှင်းနေပြီ ဖြစ်သည်။ ဆက်ပြီး ဗမာ့တပ်မတော် ဘာလဲ ဘယ်လဲကို ဖော်ပြပါဦးမည်။

မျိုးညွန့်(မက္ကရိုစီးပွား‌ရေးပါရဂူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013