DVB Logo
Home
အာရှဒေသ
အင်ဒိုနီးရှား ဝေးလံဒေသများ ကျန်းမာရေးလုပ်သား လိုအပ်နေ
DVB
·
November 8, 2013
အင်ဒိုနီးရှား ဝေးလံဒေသများ ကျန်းမာရေးလုပ်သား လိုအပ်နေ
Donate to DVB

ပိုပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့က အင်ဒိုနီးရှားနိုင်ငံအတွက် အဓိက စိုးရိမ်ကြောင့်ကြစရာတခု ဖြစ်နေပါတယ်။ ပါပူးဝါဟာ မိခင်နဲ့ မွေးစကလေးငယ် သေဆုံးမှု မြင့်မားနေဆဲ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်နယ် ၂၀ ထဲ က ၁ ပြည်နယ် ဖြစ်ပါတယ်။

[caption id="attachment_46105" align="alignleft" width="300" caption="Photo by Muhammad Irham KBR68H"][/caption]

အဓိက ဖြစ်ရတဲ့ အကြောင်းကတော့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနိုင်မှု ခက်ခဲလွန်း တာနဲ့ ကျွမ်းကျင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားတွေ မရှိလို့ ဖြစ်ပါတယ်။

 

အသက် ၂၉ နှစ် ရှိပြီဖြစ်တဲ့ ဂျွန်ဂိုဘေးက ကုတင်ပေါ်မှာ လှဲနေပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့ ပါပူးဝါ နယူးဂီနီနယ်စပ်က စခေါင်း လူထုကျန်းမာရေး စောင့်ရှောက်မှု ဌာနမှာ တက်ရောက် ကုသခံခွင့် မကြာခင်ကမှ ရရှိခဲ့တာပါ။

သူက ယာဉ်မတော်တဆ ထိခိုက်မှုတခုမှာ သူရဲ့ ညာဘက် တံတောင်ဆစ် ဒဏ်ရာ ရှိခဲ့တာ ဖြစ်ပါတယ်။

သူနာပြု အမေလီရာဝမ်ဆီရာက တယောက်တည်းသော အသင့်ရှိနေတဲ့ သူနာပြု တယောက်ပါ။

“အားလုံးကတော့ ပုံမှန်အတိုင်းပါပဲရှင်။ သွေးပေါင်နဲ့ တခြား အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေကလည်း ပုံမှန်ပါပဲ။ သူက အနားယူဖို့တော့ လိုပါတယ်။ သူ တံတောင်ဆစ် ကတော့ နာနေအုံးမှာ လှုပ်ရှားဖို့ ခက်ခဲဦးမှာပါပဲ။ အခုတော့ ကျမတို့ သူရဲ့အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေကို ခဏစောင့်ကြည့်နေတုန်းပါ။”

အမေလီရာဝမ်ဆီရာဟာ ဆရာဝန်တယောက် မဟုတ်ပါဘူးလို့ ကျန်းမာရေးစောင့်ရှောက်မှု ဌာနမှူး မာသာ ရက်တိုက ပြောပါတယ်။ ဒါပေမယ့် ဒေသက ပြည်သူလူထုကတော့ သူကို အများကြီး အားထား နေကြရတယ်လို့ ပြောပါတယ်။

“ဒေသခံ ပြည်သူတွေက သူကို ကောင်းကောင်း သိကြတယ်လေ။ ယုံလည်းယုံ ကြည်ကြပါတယ်။”

ခက်ခဲတဲ့ ပထ၀ီမြေအနေအထားအရ ကျန်းမာရေးလုပ်သား တော်တော်များများက မြို့ပြ တွေမှာပဲ တာဝန်ထမ်းဆောင်ချင်ကြပါတယ်။ ရလဒ်ကတော့ ကျန်းမာရေးဝန်ထမ်း ချထားပေးမှုက မညီမျှတော့ဘဲ ဝေးလံတဲ့ဒေသတွေမှာ လိုအပ်မှုတွေ ရှိလာတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် သူနာပြု အမေလီရာကတော့ ဒီဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၈ နှစ် ရှိနေပါပြီ။

“ကျမက လူတွေကို ပြုစုပေးချင်တာပါ။ အဲဒါက ကျမရဲ့ စိတ်အလိုဆန္ဒပဲပေါ့ရှင်။ ကျမက ပြည်သူလူထုကို အလုပ်အကျွေးပြုတဲ့ ဌာနတခုကလို့ နားလည်ထားပါတယ်။ အဲဒါက ကျမ လုပ်ချင်တဲ့ဟာပဲလေ။”

စခေါင်း လူထုကျန်းမာရေး စောင့်ရှောက်မှုဌာနက ဂျာရာပူရာမြို့တော်ကနေ ကီလိုမီတာ ၆၀ ဝေးပါတယ်။ ရှည်လျားကောက်ကွေ့တဲ့လမ်းတွေပေါ်မှာ ကားနဲ့ ၃ နာရီ သွားရပါတယ်။ ငှက်ဖျားရောဂါသည်တွေ၊ ယာဉ်မတော်တဆ ထိခိုက်မိသူတွေနဲ့ ကိုယ်ဝန်ဆောင် မိခင် ကျန်းမာရေး စစ်ဆေးသူတွေ တနေ့ကို လူနာ ၃၀ လောက် ဒီကို လာကြပါတယ်။

အမေလီရာက ဒီလိုမျိုး ဝေးလံတဲ့နေရာမှာ အလုပ်လုပ်ရတာဟာ သိပ်မလွယ်လှပါဘူးလို့ ဆိုပါတယ်။

“ဒီမှာ အဓိက ပြဿနာကတော့ သန့်ရှင်းတဲ့ရေပဲရှင့်။ နောက် ကျမလို ကျန်းမာရေးလုပ်သားက တနေ့မှာ ၂၄ နာရီလုံး အသင့်ရှိနေရတာပါပဲရှင်။ တရားဝင် အလုပ်ချိန် က ၇ နာရီ ကနေ ၁၂ နာရီ အထိပေမယ့် ဒီမှာ ရှိတဲ့သူတွေကတော့ အလုပ်ချိန်ပြီးလည်း အဆင်သင့် ရှိနေပေးရတာပါပဲ။”

အသက် ၃၈ နှစ်ရှိပြီ ဖြစ်တဲ့ စစ်သား ဆာရတ်ဒင်ကတော့ အမေလီရာရဲ့ အိမ်ကိုပဲ တိုက်ရိုက် ဆေးစစ်ဖို့ မကြာခဏ လာတတ်ပါတယ်။ သူကို ဒီမှာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက တာဝန်ချထားခဲ့တာပါ။

“ကျနော် ဒီကို ခဏခဏ လာပါတယ်။ သူက ဒါ ငှက်ဖျားပဲလို့ ပြောတဲ့အခါ ကျနော်က ဆေးသွင်းဖို့ လိုလာပြီလေ။ ဒီတော့ ကျနော် သွင်းရမယ်။ ကျနော်ကတော့ ငှက်ဖျား ထပ် မတက် တော့ဘူးလို့ မျှော်လင့်ပါတယ်ဗျာ။ ပထမဆုံး ကျနော် ဒီကို လာခဲ့တဲ့အချိန်မှာ ကျနော်က အပတ်တိုင်း ငှက်ဖျား တက်နေခဲ့တာပေါ့။”

လွန်ခဲ့တဲ့နှစ်က ကျန်းမာရေးဝန်ကြီးဌာနက ပါပူးဝါအပါအ၀င် ပြည်နယ် ၂၀ က မွေးစ ကလေးနဲ့ မိခင် သေဆုံးမှု လျှော့ချရေးအတွက် ဦးစာပေး စဦးအစီအစဉ်တွေ စတင်ဆောင်ရွက် ခဲ့ပါတယ်။ ပါပူးဝါကို ရွေးချယ်လိုက်တာက ပထ၀ီမြေအနေအထားအရ ကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေ လာနိုင်မှု မရှိတဲ့အတွက်ပါ။

တခါတလေမှာ လူနာတွေဆီ ရောက်ဖို့ နာရီနဲ့ ချီပြီး လမ်းလျှောက်ရတယ်လို့ အမေလီရာက ပြောပါတယ်။

“တခါမှာတော့ လူနာတယောက်ကို ကလေး မွေးပေးခဲ့ရပါတယ်။ အိမ်နဲ့ အဝေးကြီးပေါ့ရှင်။ မနက် ၅ နာရီမှာ ကျမကို မိသားစုက လာခေါ်ကြတယ်လေ။ ဒါပေမယ့် ကျမ ရောက်သွားတော့ ကျမ လူနာက တောထဲမှာ ရောက်နေခဲ့ပြီလေ။ ဒီတော့ ကျမက ကျမရဲ့ ကိရိယာပစ္စည်းတွေ အားလုံးကို ယူသွားခဲ့ရတာပေါ့ရှင်။ ဒါပေမယ့် ကလေးက အပြင် ရောက်နေပြီး အမေကတော့ ရှော့ခ်ရပြီး သတိမေ့နေခဲ့တယ်လေ။”

ဂျာရာပူရာ ကျန်းမာရေးဌာနကတော့ ကျွန်းတခုလုံးအတွက် ဝေးလံတဲ့ဒေသတွေ အားလုံးမှာ နေရာချထားဖို့ ကျန်းမာရေးလုပ်သား ၅ ထောင်ကျော် တောင်းဆိုထားခဲ့ပါတယ်။ ဒါပေမယ့် အတော်များများကတော့ သူတို့ရဲ့ လုံခြုံရေးအတွက် စိတ်ပူ နေကြပါတယ်။

၂၀၀၇ ခုနှစ်မှာ အင်ဒိုနီးရှားနဲ့ ပါပူးဝါနယူးဂီနီနယ်စပ်က စခေါင်းကို ဆိုးဝါးလာတဲ့ လုံခြုံရေးအခြေအနေတွေအရ ပိတ်ထားခဲ့ရပါတယ်။ ပုလိပ်အရာရှိ အတော်များများ သေနတ်နဲ့ အပစ်ခံရပြီး စခန်းကိုလည်း ဗုံးခွဲခံခဲ့ရပါတယ်။

ဒါပေမယ့် တခြား အကြောင်းကိစ္စတွေလည်း ရှိပါသေးတယ်။ လစာနည်းပါးတာနဲ့ နေရာ ထိုင်ခင်း အဆင်ပြေ ချောမွေ့မှု မရှိတာတွေ လည်း ပါပါတယ်။

ဂျာရာပူရာ ကျန်းမာရေးဌာန ရုံးချုပ်အကြီးအကဲ ဒေါ်လာရီနာ ဒါဗရက်ဗင်းကတော့ နယ်စပ်ဒေသမှာ အလုပ်လုပ်နေသူတွေကို လစာ တိုးမြှင့်ပေးဖို့ ကတိပေးထားပါတယ်။

“ကျမ ထင်တယ်။ ဗဟိုအစိုးရကလည်း သူတို့ရဲ ထည့်ဝင်ငွေကို ပေးရမယ်ရှင့်။ အဲဒီ လူတွေက အန္တရာယ်များတဲ့ နယ်စပ်ဒေသတွေမှာ အလုပ်လုပ် နေကြရတာလေ။”
စိန်ခေါ်မှုတွေ ရှိနေပေမယ့် အဲဒီမှာ နေဖို့ပဲ ရွေးချယ်ခဲ့တယ်လို့ အမေလီရာက ပြောပါတယ်။ ၁ လ ကို အမေရိကန်ဒေါ်လာ ၂၀၀ ရပေမယ့် မလုံလောက်ကြောင်း၊ အဲဒီဒေသမှာ လူနေမှုစရိတ်က ငွေကြေးပမာဏရဲ့ ၂ ဆ ရှိတယ်လို့ ဆိုပါတယ်။

“ကျမတို့က အစိုးရကို အာရုံစိုက်စေချင်ပါတယ်။ ကျမတို့က ဒီမှာ အချိန်ပြည့် အလုပ်လုပ်နေတာပါ။ ဒါပေမယ့် ဘာ အထောက်အပံ့မှ ကျမတို့ မရပါဘူး။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျမတို့ အစိုးရနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ခုထိတော့ အပြောင်းအလဲ မရှိသေးပါဘူး။”

မိုဟာမက်အီဟမ်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အင်ဒိုနီးရှားနိုင်ငံ ပါပူးဝါ စခေါင်းကနေ သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013