DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ကမ္ဘာ့ဘဏ်စိုးရိမ်
DVB
·
November 7, 2013
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ကမ္ဘာ့ဘဏ်စိုးရိမ်
Donate to DVB

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ လာမယ့်နှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်နိုင်ပေမယ့် ငွေကြေးဖောင်းပွမှုကိုတော့ စိုးရိမ်တယ်လို့ ကမ္ဘာဘဏ်က ပြောဆိုလိုက်ပါတယ်။

မြန်မာ့စီးပွားရေး အခြေနဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ်က နိုဝင်ဘာ ၆ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ဒီအစီရင်ခံစာမှာ မြန်မာ့ စီးပွားရေးတိုးတက်မှုဟာ သဘာဝဓာတ်ငွေ့၊ ၀န်ဆောင်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်စည်တင်ပို့မှုတွေ အားကောင်းလာတာကြာင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စားသောက်ကုန်ဈေးနှုန်းနဲ့ အိမ်ခြံမြေ ငှားရမ်းခ စတဲ့ စရိတ်တွေ မြင့်တက်လာတာနဲ့အတူ ငွေကြေးဖောင်းပွမှုတွေကလည်း ရှိခဲ့လို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဩဂုတ်လက ငွေဖောင်းပွမှုနှုန်း ၇ ဒဿမ ၃ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်က ငွေကြေးဖောင်းပွမှု မြင့်တက်လာတာဟာ ဆင်းရဲတဲ့သူတွေအပေါ် စိုးရိမ်ဖို့ကောင်းတဲ့အချက် ဖြစ်ပေမယ့် အသွင်ကူးပြောင်းကာလကို ဖြတ်သန်းနေတဲ့ နိုင်ငံတိုင်းဟာ ငွေကြေးဖောင်းပွမှုတွေနဲ့ ရံဖန်ရံခါ တွေ့ကြုံရတတ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ဆယ်ဂဏန်းအောက်ရှိနေဆဲဖြစ်လို့ ဒါဟာ စိုးရိမ်စရာမျိုးတော့ မရှိသေးပေမယ့် အစိုးရပိုင်းက တာဝန်ရှိသူတွေအနေနဲ့ လက်ရှိအနေအထားကို သေသေချာချာ အနီးကပ်စောင့်ကြည့်နေဖို့တော့ လိုတယ်လို့ ပြောဆိုကြောင်း ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ ပြောပါတယ်။
မြန်မာစီးပွားရေးပညာရှင်တွေကတော့ ငွေကြေးဖောင်းပွမှုနှုန်းက ၇ရာခိုင်နှုန်းကျော် ရှိနေတာက စားသုံးသူ အပါအ၀င် ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းအပေါ်မှာလဲ ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ဟာ စားသုံးသူအတွက် ကုန်စည်ဈေးနှုန်းမြင့် တက်မှုဒဏ်ကို ခံရမှာဖြစ်တဲ့အပြင် ထုတ်လုပ်သူအတွက် ကလည်း သူတို့ရဲ့ထုတ်လုပ်မှုလုပ်ငန်းတွေကို လျော့ချလိုက်ရတာမျိုးတွေ ရှိစေလို့ ဒါဟာ နိုင်ငံတော်အတွက် ထိခိုက်ဆုံးရှုံးမှု တစ်ခုလည်း ဖြစ်တယ်လို့ စီးပွားရေးမူဝါဒရေးရာကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေလို့ တိုင်းပြည်ရဲ့စီးပွားရေးဟာ တိုးတက်သင့် သလောက် တိုးတက်မှုမရှိတဲ့အကြောင်း သူကအခုလို ပြောပါတယ်။

“ငွေကြေးဖောင်းပွမှုဆိုတဲ့ဟာမှာ ငွေကြေးဖောင်းပွမှုတခုသည် ဘယ်လောက်အထိ အရေးပါသလဲ။ ငွေကြေးဖောင်းပွမှုတခုကို ထိန်းလိုက်ခြင်းဟာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတဲ့ဟာမှာ ဘဏ္ဍာရေးဆိုရင်လည်း ဘဏ္ဍာရေးလိုငွေက နဂိုကတည်းက ရှိနေတယ်။ ဘဏ္ဍာရေးလိုငွေရှိလို့လည်း ငွေကြေးဖောင်းပွမှုက ဖြစ်တက်တာကိုး။ ဒီ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အင်မတန်ကို အရေးကြီးပါတယ်။ တဖက်က ကြည့်ရင် ငွေကြေးဖောင်းပွမှုရှိတဲ့အတွက် ကျနော်တို့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ ဘဏ္ဍာရေးမှာ ပိုသုံးလာရတာတွေ ရှိလာတယ်။ ”

မြန်မာနိုင်ငံနည်းတူ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အသွင်းကူးပြောင်းတဲ့ကာလမှာ ငွေကြေးဖောင်းပွမှုနှုန်းကို ၃ ရာခိုင်နှုန်းထက် မကျော်အောင် ထိန်းနိုင်ခဲ့လို့ ရင်းနှီးမြှုပ်နှံတဲ့သူတွေက သူတို့အတွက် အကျိုးအမြတ်ကို ကာလတိုနဲ့ကာလရှည်ကာလအထိ ကြိုပြီးတွက်ချက်နိုင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီနေ့မှာ ဈေးတမျိုးရှိပေမယ့် နောက်တနေ့မှာ ဈေးက တမျိုး ပြောင်းသွားလို့ အားနည်းချက်တွေရှိနေတယ်လို့ ဒေါက်တာအောင်ကိုကိုက သုံးသပ်ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ၅ ရာခိုင်နှုန်းထက် မကျော်အောင် ထိန်းနိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံ စီးပွားရေး မတည်ငြိမ်မှုတွေ စီးပွားရေး ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးဘူး။ အနာဂတ်မှာလည်း ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် စုပေါင်းမှုပဲဖြစ်ဖြစ် လုပ်နေတယ်ဆိုတာ ငွေကြေးဖောင်းပွမှုမတည်ငြိမ်တဲ့ အကြောင်းကြောင့်ပါပဲ။ ငွေကြေးဖောင်းပွမှု မတည်ငြိမ်မှုပေါ့နော်။ ငွေကြေးဖောင်းပွမှုကို ထိန်းနိုင်ခြင်းဆိုတာလည်း စီးပွားရေးကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းဆိုတဲ့ အရည်အသွေးပြရာရောက်တယ်။”

အလားတူ စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးကလည်း မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေပေမယ့် ဈေးကွက်သဘောသဘာဝဖြစ်တဲ့ ၀ယ်လိုအားနဲ့ရောင်းလိုအားကြောင့် ဖြစ်ပေါ်ရတဲ့ ဈေးနှုန်းပြောင်းလဲမှုမျိုးမဟုတ်ဘဲ အစိုးရရဲ့ အားနည်းချက်ကြောင့် ဈေးတက်ရတဲ့ပြသနာက မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုကို ပိုပြီးဆိုးဝါးစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အစိုးရနဲ့ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှု အကြား ဆက်နွယ်နေပုံကို သူက အခုလို သုံးသပ်ပြောပါတယ်။

“ငွေကြေးဖောင်းပွမှုဖြစ်တဲ့ တရားခံထဲမှာ အစိုးရပါနေတာ။ ဘာလို့လဲဆိုတော့ မီတာခ တိုးကောက်တယ်ဆိုတာ အစိုးရဌာနက တက်တာလေ။ ဓာတ်ဆီဆိုလည်း လူတိုင်းလုပ်နိုင်တာမှမဟုတ်တာ ခရိုနီတွေပဲ လုပ်နိုင်တာ။ တက်တာကလည်း တပုံစံတည်းပဲ။ အဲဒီမှာ လောင်စာဈေးနှုန်း စတက်တော့ ငွေကြေးဖောင်းပွမှုက မြင့်တက်မှာပဲ။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ပြီဆိုရင် လူထုကတော့ ခါးကော့အောင် ခံပေတော့ပဲ။”

ကမ္ဘာ့ဘဏ်ကတော့ လက်ရှိ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေဟာ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ အခြေအနေဖြစ်လာစေဖို့ ဆီလျော်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့်အစီရင်ခံစာကို ၆ လ ၁ ကြိမ် ထုတ်ပြန်သွားဖို့ အစီအစဉ်ရှိပြီး အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကလည်း မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013