DVB Logo
Home
မေးမြန်းခန်း
အစိုးရက လယ်သမားတွေအပေါ် စေတနာထားမှု နည်းနေသေးတယ်
DVB
·
November 7, 2013
အစိုးရက လယ်သမားတွေအပေါ် စေတနာထားမှု နည်းနေသေးတယ်
Donate to DVB

အစိုးရအနေနဲ့ လယ်သမားတွေအပေါ် စေတနာထားတာ နည်းနေသေးတယ်လို့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်း လယ်ယာမြေတာဝန်ခံ ဦးထွန်းမြင့်အောင်က ပြောပါတယ်။

အစိုးရက လယ်ယာမြေအမှုပေါင်း ၇၄၅ ခုအနက် ၂ လအတွင်းမှာ ၅ မှုပဲ ဖြေရှင်း ပေးနိုင်ခဲ့တဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_31055" align="alignleft" width="300" caption="ဦးထွန်းမြင့်အောင်"][/caption]

၂ လအတွင်းမှာ ၅ မှုပဲ ရှင်းလိုက်နိုင်တာပေါ့။ လယ်ယာမြေစုံစမ်းရေး ကော်မရှင်ကို မေးကြည့်တော့ သူတို့ထပ်ပို့ထားတာ အမှုပေါင်း ၅ ထောင် ကျော် ရှိသေးတယ်တဲ့။ အစိုးရအနေနဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ပေါင်းပြီးလုပ်ရင် မကောင်းဘူးလား။

 

“မြေယာပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် ဒီလောက်အခက်ကြီးတော့ မဟုတ်ဘူး။ ကျနော်တို့ ဆိုလိုတာ နေ့ချင်းညချင်း ပြီးရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒါပေမယ့် စုံစမ်းရေး ကော်မရှင် ဖွဲ့ခဲ့တာလည်း ၁ နှစ်ကျော်ပြီ။ ဒီလိုအနေအထားမျိုးမှာ အဲဒီလောက်အမှုကိုပဲ ဖြေရှင်းနိုင်တယ်ဆိုတာက အစိုးရရဲ့ စီမံခန့်ခွဲမှုရော၊ ယန္တရားတွေရော လည်ပတ်မှုကို သိပ်ကို လိုအပ်သေးတယ်ဆိုတာ ပြနေတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် လယ်သမားတွေအပေါ်မှာ စေတနာ လိုနေသေးတာပဲ။ အဲဒါက ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ အနှစ် ၂၀ ကာလအတွင်းမှာ အာဏာငွေကြေး ရယူထားတဲ့သူတွေက အပိုင်စီးထားတဲ့ကိစ္စတွေမှာ လက်မလွှတ်ချင်သေးတာ လဲ ဖော်ပြနေတယ်။ အဲဒီခေတ်စနစ်တုန်းက တာဝန်ယူခဲ့တဲ့ လုပ်ခဲ့တဲ့သူတွေက ကနေ့ အစိုးရအဖွဲ့ထဲမှာ ရှိနေတဲ့သူတွေပဲ ဖြစ်နေတယ်။ ဒါတွေကို ကိုယ်ကျိုးစီးပွားအတွက် ဖက်တွယ်ထားပြီးတော့ မူရင်းပိုင်ရှင်တွေကို ပြန်မပေးချင်သေးတာက ပထမ အကြောင်းအရင်း တခုဖြစ်တယ်လို့ ကျနော်တို့ မြင်တယ်။”

“ကျနော်တို့ဖြစ်စေချင်တာက အာဏာကို အရင်းခံပြီး မတရားလုပ်ခဲ့တာကို တပိုင်းထားတော့။ ဒီအချိန်မှာတော့ ဒီမိုကရေစီကို ကူးပြောင်းတော့မယ်ဆိုပြီး ကြွေးကြော်နေတဲ့အချိန်မှာ မူရင်းပိုင်ရှင် လယ်သမားတွေကို မြေယာတွေ အမြန်ဆုံး ပြန်ပေးလိုက်လို့ ရနေပြီ။ ပေးစေချင်ပါတယ်။

“ဥပမာ ကျနော်တို့ ပြောမယ်ဗျာ။ စစ်တပ်၊ ကုမ္ပဏီတို့၊ စီမံကိန်းတွေအတွက် သိမ်းထားတဲ့မြေတွေမှာ ယနေ့အချိန်ထိ ဘာအဆောက်အအုံမှ မဆောက်ရသေးတဲ့ မြေတွေ အများကြီးပဲ။ အဲဒီမြေတွေဆို ချက်ချင်းပြန်ပေးလိုက်လို့ ရနေပြီ။ ဒါဥပဒေအရကို အကျုံးဝင်တာ။ ဥပဒေအရ ဘောင်ဝင်အောင်ဆိုပြီး အခုမှ စီမံကိန်းတွေက ကပျာကယာ ခြံစည်းရိုးခတ်တာတို့၊ အဆောက်အဦလေးတွေ ဖြစ်သလို လာဆောက်တာမျိုးတွေ၊ လက်ဦးမှုယူပြီး မှတ်ပုံတင်တာတွေ လုပ်နေတာမျိုးက လယ်သမားတွေအတွက် တဖက်သတ်အနိုင်ကျင့်လွန်းရာ ရောက်နေတယ်။”

တလောက ပြည်ထောင်စုဒုဝန်ကြီးတွေပါတဲ့ ဆပ်ကော်မတီဆိုပြီး ၂၇ ဖွဲ့ ဖွဲ့တယ်။ သမ္မတက ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့လဲဆိုတော့ အဲဒီအဖွဲ့တွေက အရပ်ဘက်အဖွဲတွေက အရပ်ဘက် အဖွဲ့တွေနဲ့ပေါင်း ကွင်းဆင်းပြီး ပြည်သူတွေ ဘာလိုအပ်နေလဲ ချက်ချင်း တင်ပြဆိုပြီး သမ္မတက ညွှန်ကြားထားတာပေါ့ဗျာ။ အခုအထိကော အဲဒီ ၂၇ ဖွဲ့က ကိုထွန်းမြင့်အောင်တို့လို ၈၈ အဖွဲ့တွေနဲ့ လာဆက်သွယ်မှုတွေ ရှိလားဗျ။

“မရှိပါဘူးဗျာ။ အဲဒါတွေက လွှတ်တော်ထဲမှာ ပြောတာဆိုတာတွေ နောက်ပြီးတော့ အစိုးရအဖွဲ့ ပြောတာ ဆိုတာတွေ စကားတွေ ကြားလို့ ကောင်းနေရတာပဲဗျ။ လက်တွေ့ မြေပြင်မှာတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ဘာမှမရှိဘူး။ လူထုအတွက် ဆင်းသက်လာတယ်ဆိုတာ ဘာမှ မတွေ့ရဘူး။ ဥပမာ - ကျနော်တို့ ထားဝယ်မှာ ဆိုလို့ရှိရင် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ဆိုပြီးတော့ အဲဒီလို လုပ်နေတဲ့ ကိစ္စတွေမှာလည်း မတရားကြီး သိမ်းထားတယ်။ ဒေသဖွံ့ဖြိုးရေးသာ ပြောတယ်၊ တကယ်တော့ ထားဝယ်ဒေသခံတွေက အကုန်လုံး ဒုက္ခတွေ ရောက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ညှိနှိုင်းဆွေးနွေးဖို့အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကို ဆက်သွယ်တဲ့နေရာမှာ အင်မတန် ခက်ခဲပြီးတော့ လူကြီးမဆန်တဲ့ စကားမျိုးတွေ ပြောတာမျိုးတွေ ကြုံရတယ်။ အဲဒီတော့ အစိုးရထိပ်ပိုင်းက ပြောနေတဲ့ အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ အောက်ခြေအထိဆင်းဖို့တာလည်း ယနေ့အချိန်အထိ ဘာမှ အကောင်အထည်ပေါ် မလာဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ တဖွဖွပြောနေတာက အုပ်ချုပ်ရေး ယန္တရားကို ပီပီပြင်ပြင် စောင့်ကြည့် အရေးယူ ထိန်းကျောင်းမှုတွေ လုပ်ဖို့ကို ကျနော်တို့ ပြောနေတာ။ အထက်ပိုင်း ပုဂ္ဂိုလ်တွေအနေနဲ့ တာဝန်အများကြီးရှိတယ်။ အောက်ခြေက အကောင်အထည်ဖော်တာကို။ မဖော်ရင် မဖော်တဲ့သူကို တိတိကျကျအရေးယူဆောင်ရွက်ပေး။ အကောင်အထည် ဖော်လာအောင် အရည်အချင်းကို မြှင့်တင်ပေး။ ဒါမျိုးတွေကို လုပ်ဖို့ လိုပါလိမ့်တယ်။”

ကျနော် ကိုထွန်းမြင့်အောင်တို့လို အလုပ်သမားရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း စကားပြောဖူးပါတယ်။ သူတို့ကလည်း လယ်မြေ ပြန်ပေးရေး ကိစ္စကို သက်ဆိုင်ရာဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ရင် အဆင်ပြေနိုင်တယ်ပေါ့။ ဒါပေမယ့် ဒေသအာဏာပိုင်တွေက ဘယ်တော့မှ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ စကားမျိုးလည်း ကြား ရပါတယ်။ အခုအချိန်မှာဒါတွေ ဖြစ်သင့်ပါသလားဗျ ။

“ဒီနေ့အချိန်မှာ ဖြစ်သင့်တာကတော့ ကျနော်တို့ အမြဲပြောနေပါတယ်။ ကာယကံရှင် လယ်သမားတွေနဲ့ရော နောက်ပြီးတော့ လယ်သမားရေးဆောင်ရွက်သူတွေနဲ့ရော အားလုံး အစိုးရ အဖွဲ့က တာဝန်ရှိသူတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အားလုံး စုပေါင်းဖြေရှင်းမယ်ဆို ဒီလောက်ကို မခက်ဘူး။ ကျနော်တို့ ပြောချင်တာက တိုင်းပြည်မှာ အပြောင်းအလဲ တခုကို သွားမယ်ဆိုလို့ရှိရင် အပြောင်းအလဲသွားချင်တဲ့ စိတ်ရင်းစေတနာမှန် အရင်ရှိဖို့ပဲ။ အဲဒီလိုရှိရင် ကျန်တာတွေ အကုန်လုပ်လို့ရတယ်။ အခုအချိန်ထိကတော့ အပြောင်းအလဲလို့ကို မမြင်သေးဘူး။ ရသလောက် အိတ်ထဲကို ဖက်တွယ်ပြီး ထည့်ထားမယ်။ ရသလောက် အာဏာပြမယ်ဆိုတဲ့ အခြေအနေမျိုးက ဒီနေ့အချိန်အထိ ရှိနေတုန်း ဒါကြောင့်လည်း လယ်သမားတွေ အခုအချိန်အထိ ဒုက္ခရောက်တာ။ တိုင်းပြည်ကလည်း ဒီနေ့အချိန်အထိ နာလန်မထူနိုင်သေးတာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013