DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်နေ့ ကေဘယ်လ်ကားအတွက် ရန်ပုံငွေရှာ
DVB
·
November 7, 2013
ကရင်ပြည်နယ်နေ့ ကေဘယ်လ်ကားအတွက် ရန်ပုံငွေရှာ
Donate to DVB

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ပြည်နယ်မြို့တော် ဘားအံမှာ ဒီကနေ့ စတင် ကျင်းပနေပြီး ပွဲတော်မှာ ဖျော်ဖြေမယ့် အနုပညာသမားတွေက ရရှိလာတဲ့ ရန်ပုံငွေတွေကို ဇွဲကပင် ကေဘယ်လ်ကား စီမံကိန်းအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

[caption id="attachment_46090" align="alignleft" width="300" caption="ဓာတ်ပုံ - ဇွဲကပင်မြေ ဘားအံ ဖေ့ဘုတ်"][/caption]ဘားအံမြို့ သီရိကွင်းမှာ ကျင်းပတဲ့ ကရင်ပြည်နယ်နေ့ပွဲတော်မှာ လေးဖြူ၊ အငဲ၊ မျိုးကြီးနဲ့ ၀ိုင်ဝိုင်းတို့ ပါဝင်တဲ့ Iron Cross တေးဂီတအဖွဲ့၊ ဦးမိုးဝင်းနဲ့ ဖိုးချစ် ဇာတ်သဘင်အဖွဲ့တွေနဲ့ ပြဇာတ်တွေ ဖျော်ဖြေမှာဖြစ်ပြီး ဒီအနုပညာရှင်တွေအနေနဲ့ ဖျော်ဖြေမှုကရလာတဲ့ ရန်ပုံငွေတွေကို ဇွဲကပင်တောင် ကေဘယ်လ်ကား တပ်ဆင်မယ့် စီမံကိန်းအတွက် လှူဒါန်းမယ်လို့ မိုးဝင်း ဇာတ်သဘင်မှာ ပါဝင်ဖျော်ဖြေမယ့် မင်းသားကြီး ဦးဇင်ဝိုင်းက ပြောပါတယ်။

“အစီအစဉ်ကတော့ အနုပညာသမားတွေအနေနဲ့ကတော့ စင်သုံးစင်ရှိတယ်လေ။ ဦးမိုးဝင်းတို့ စံပြသဘင်ရယ်၊ ကိုဖိုးချစ်တို့သဘင်ရယ်၊ အိုင်စီ ရှိုးပွဲတွေရှိတယ်ပေါ့နော်။ ကျနော်တို့ကတော့ ဦးမိုးဝင်း စင်မှာ ဆိုပေးရမှာပါ။ ဆရာတော်ဘုရားကြီးရဲ့ တာဝန်ပေးချက် အရပါ။ ကေဘယ်လ်ကြိုး စီမံကိန်းဆိုတာ ကိုယ်က သီချင်းဆိုတာ ကျွမ်းကျင်မှု မရှိသော်လည်းပဲ ကိုယ့်ကုသိုလ်လေးပါဝင် ရတယ်ဆိုတဲ့ ဆရာတော်ဘုရားကြီးရဲ့ အမိန့်အတိုင်း ကျနော်လည်း ခါးနာလျက်နဲ့ကို ကြိုးစား လိုက်ခဲ့ရတာပါ။”

ဇွဲကပင်တောင်ပေါ်ရှိ ဇွဲကပင်ဆံတော်ရှင် စေတီတော်မြတ်ကြီးကို လာရောက် ဖူးမြော် နိုင်ဖို့ ဇွဲကပင်ဆရာတော်၊ ပီနန်ဆရာတော်နဲ့ သုံးထပ်ကျောင်းဆရာတော်တို့ ဦးဆောင်ပြီး ကေဘယ်လ်ကား တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကို ပြီးခဲ့တဲ့ ဩဂုတ်လက စတင်အကောင်ထည်ဖော်နေတာဖြစ်ပြီး မလေးရှားနဲ့ ဆွစ်ဇာလန်က ပညာရှင်တွေ ပူးပေါင်းပြီး တည်ဆောက်မှာ ဖြစ်ပါတယ်။

ကေဘယ်လ်ကားဟာ ဇွဲကပင်တောင်ခြေရှိ လုမ္ဗိနီဥယျာဉ်ကနေ တောင်ပေါ် ဆံတော်ရှင် စေတီဆီကို ပြေးဆွဲသွားမှာ ဖြစ်ပြီး ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။ ကုန်ကျစရိတ်အတွက် ပါဝင်လှူဒါန်းဖို့ ဆရာတော်တွေက လိုက်လံ နှိုးဆော်တိုက်တွန်းနေကြတာ ဖြစ်ပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်က အနုပညာရှင် တွေကလည်း ဒီစီမံကိန်းအတွက် ပါဝင် လှူဒါန်းဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။
ဒီနှစ် ပြုလုပ်တဲ့ ကရင်ပြည်နယ်နေ့မှာ လုံခြုံရေးတွေ ပိုမို တင်းကျပ်ထားတယ်လို့လည်း ပြည်နယ်အရေး လှုပ်ရှားနေတဲ့ မြို့ခံ ဦးဇော်ရဲထက်က ပြောပါတယ်။

“ကရင်ပြည်နယ်နေ့ကို ဘယ်လိုကျင်းပလဲဆိုတော့ ကျနော်တို့ နှစ်တိုင်းလို့ပဲ ကျင်းပတယ်။ ဒါပေမယ့် လုံခြုံရေး ဘာကြောင့် တင်းကျပ်တာလဲဆိုတာကို ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင် ပြောတာက တနိုင်ငံလုံးအတိုင်းအတာအရ ဗုံးတွေ ပေါက်ကွဲနေတာကြောင့် လုံခြုံရေးတင်းကျပ် ရခြင်းဖြစ်တယ်တဲ့။ ဒါပေမယ့် ကျနော်တို့ မှတ်ချက်ကတော့ ကရင်ပြည်နယ်မှာ ၅၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့အခမ်းနားမှာ ကေအန်ယူတို့ဘာတို့ ငြိမ်းချမ်းရေးမယူခင်အထိ တစုံတခု အနှောက်အယှက်ပေးခြင်းကို တိုင်းရင်းသားလက်နက်ကိုင်တွေက သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ မပြုလုပ်ခဲ့ဘူး။ အဲဒါလေးတွေတော့ ရှိတယ်။ ဒီနှစ်မှာတော့ လုံခြုံရေး တင်းကျပ်တဲ့ အပေါ်မှာ ကျနော်တို့က ဘာကြောင့်တင်းကျပ်ရလဲဆိုတာကို စိုးရိမ်တယ်။”

အရင်နှစ်တွေတုန်းက ပြည်နယ်ပွဲ မကျင်းပခင် လက်မှတ် ကြိုတင်ရောင်းချတာ ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ ငွေကြေးကောက်ခံမှုတွေ ရှိပေမယ့် ဒီနှစ်မှာတော့ ဒီလို ငွေကောက်ခံမှုတွေမရှိဘူး လို့ ပြောပါတယ်။

နှစ်စဉ် ကျရောက်တဲ့ ကရင်ပြည်နယ်နေ့ကို ကရင်ပြည်နယ်အစိုးရက ဦးစီးကျင်းတာ ဖြစ်ပြီး ဒီနှစ်မှာ ကျရောက်တဲ့ ၅၈ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ကစတင်ပြီး ၁၁ ရက်နေ့ အထိ ၅ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013