
မန္တလေးမြို့မှာ ဒီကနေ့ ဧပြီ ၃၀ ရက်က စက်မှုစုပေါင်းသပိတ် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ဗကသတို့ ပူးပေါင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ပြီး အောင်မြင်စွာလူစုခွဲနိုင်ခဲ့ပါတယ်။
ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတွေရဲ့ အတားအဆီး စစ်ဆေးမှုတွေရှိနေပေမယ် မြတောင်သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သလို အမရပူရသပိတ်စစ်ကြောင်းကလည်းဆန္ဒပြခဲ့ပါတယ်။
အလားတူ မန္တလေးအင်ဂျင်နီယာများအဖွဲ့သပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကိုသာ ထောက်ခံကြောင်း ငြိမ်းချမ်းစွာလှည့်လည်ဆန္ဒပြခဲ့ပြီး ဘေးကင်းအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
ဒီနေ့မွန်းလွဲပိုင်းမှာတော့ စစ်အာဏာရှင် အလိုမရှိကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြောင်း မန္တလေး သံဃသမဂ္ဂစစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေး သံဃသမဂ္ဂစစ်ကြောင်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အတားအဆီးတွေ ဘယ်လိုရှိရှိ နေ့စဉ် ချီတက်ဆန္ဒပြနေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပြီး ရက်ပေါင်း (၈၁) မြောက်ထိ ရှိပြီဖြစ်ပါတယ်။










