DVB Logo
Home
မြန်မာသတင်း
မြန်မာအိတ်စပို့စ်မတ်ပဲတွေ အ၀ယ်လိုက်နေ
DVB
·
November 7, 2013
မြန်မာအိတ်စပို့စ်မတ်ပဲတွေ အ၀ယ်လိုက်နေ
Donate to DVB

အိန္ဒိယနိုင်ငံမှာ ယခုနှစ်အတွက် စိုက်ပျိုးထားရှိတဲ့ မတ်ပဲသီးနှံအထွက်နှုန်း တ၀က်လောက် လျော့ကျသွားလို့  မြန်မာ အိတ်စပို့စ်မတ်ပဲတွေ အ၀ယ်လိုက်နေတယ်လို့ မြန်မာနိုင်ငံ ပဲနဲ့ နှမ်းတင်ပို့သူများအသင်းက ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့  သီးနှံပေါ်ချိန်ဖြစ်တဲ့  စက်တင်ဘာလ သီးနှံအထွက်နှုန်းဟာ  အခုနှစ်မှာ ရာသီဥတု ဖောက်ပြန်မှုနဲ့ အတူ စိုက်ဧကလည်း လျော့ခဲ့တာ ဖြစ်လို့  မတ်ပဲသီးနှံထွက်နှုန်းက ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် ၅၀ရာခိုင်နှုန်းလောက် အထွက်ယုတ်မှု ရှိနေတာ ဖြစ်ပါတယ်။

ဒါကြောင့်  အိန္ဒိယဘက်က ပဲကုန်သည်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းကစပြီး  မြန်မာ အိတ်စပို့စ်မတ်ပဲတွေကို ဈေးကောင်းပေး ၀ယ်နေပြီး  လာမည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အထိ ဈေးကောင်း ရရှိနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြန်မာနိုင်ငံ ပဲနဲ့ နှမ်း တင်ပို့ရောင်းချသူများအသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

“ဒီလိုမျိုး စက်တင်ဘာလ သီးနှံအထွက်နှုန်း အရမ်းလျော့ရင် များသောအားဖြင့် အစ်ကိုတို့ ဘက်မှာ လာမယ့် ၂၀၁၄ သီးနှံအထွက်နှုန်းမှာလည်း ဈေးကောင်းရမယ်လို့ပဲ သုံးသပ်တယ် ဘာကြောင့်လည်းဆိုတော့ သူတို့က တကယ်လိုရင် လိုသလို ပဲဒီဘက်မှာ ပေါ်တဲ့အချိန်မှာ သူတို့က တောက်လျှောက် ၀ယ်ရတဲ့ အလေ့အထရှိတာကိုး။ ဘာပဲပြောပြော မတ်ပဲကတော့ ၂၀၁၄ အထိကတော့ ကောင်းမယ်လို့ပဲ သုံးသပ်တယ်။ ကောင်းမယ်ဆိုတာ စိုက်ပျိုးတဲ့ တောင်သူအတွက်လည်း ကောင်းမယ်။ ရောင်းသူဝယ်သူအတွက်လည်း ကောင်းမယ်။”

အိန္ဒိယက သူ့နိုင်ငံရဲ့ ပဲစားသုံးမှု လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ပြည်တွင်းမှာ စိုက်ပျိုး ထုတ်လုပ်မှု ရှိတဲ့အပြင် မြန်မာ အပါအ၀င်  ပြည်ပနိုင်ငံတွေဆီကလဲ ပဲမျိုးစုံတန်ချိန် ၃ သန်းခန့် ကို နှစ်စဉ် တင်သွင်းနေရတာ ဖြစ်ပါတယ်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် အိန္ဒိယနိုင်ငံနည်းတူ မြန်မာနိုင်ငံမှာလဲ မတ်ပဲသီးနှံက ပြီးခဲ့တဲ့နှစ်တွေမှာ အထွက်နှုန်းက ပုံမှန်တန်ချိန် ၆ သိန်းကျော် ထွက်ရှိပေမယ့် အခုနှစ်မှာတော့ တန်ချိန် ၄ သိန်းကျော်ဘဲ ထွက်လို့ ထွက်နှုန်းက ၃၀ ရာခိုင်နှုန်းခန့် လျော့ကျမှု ရှိတယ်လို့  မြန်မာနိုင်ငံ ပဲနဲ့ နှမ်း တင်ပို့ရောင်းချသူများအသင်းရဲ့ အမှုဆောင်တဦးလည်း ဖြစ်ပြီး ပဲ အိတ်စပို့ လုပ်ငန်းရှင်ဖြစ်တဲ့ ဦးတင်မြင့် က ဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံဆီ မြန်မာအိတ်စပို့စ် မတ်ပဲတင်ပို့မှုက ပြီးခဲ့တဲ့ ၁ လတည်းမှာတင်  တန်ချိန် ၅ သောင်းခန့် တင်ပို့နိုင်ခဲ့လို့ လက်ရှိမှာ ဆိုရင် တန်ချိန်အားဖြင့် စုစုပေါင်း ၄ သိန်းကျော် တင်ပို့ထားပြီး ဖြစ်တဲ့အကြောင်းနဲ့ လာမယ့်လတွေမှာလဲ လစဉ် ပုံမှန် တန်ချိန် ၅ သောင်းခန့် ဆက်လက် တင်ပို့နိုင်မယ့် အနေအထားမှာ ရှိနေတယ်လို့ သူက ဆက်လက် ပြောပါတယ်။

လက်ရှိ မြန်မာ့အိတ်စပို့စ်မတ်ပဲက ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ သင်္ဘောတင်ဈေးနှုန်း (အက်ဖ်အိုဘီ)အရ ၁ တန်ကို အမေရိကန်ဒေါ်လာ ၆၂၀ ရှိလို့ ဈေးနှုန်းပြောင်းလဲမှုက ၁ ပတ်အတွင်းမှာ ၁၀ ဒေါ်လာ မြင့်တက်မှု ရှိခဲ့သလို အိန္ဒိယနိုင်ငံ မွန်ဘိုင်းဈေးကွက်မှာလည်း မတ်ပဲဈေးနှုန်းက ၁ တန်ကို ကန်ဒေါ်လာ ၆၆၄ ရှိပြီး အလားတူ ဒေလီဈေးကွက်မှာလည်း မတ်ပဲဈေးနှုန်းက ၁ တန်ကို ကန်ဒေါ်လာ ၇၅၃နဲ့ ဈေးကောင်းနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ  မြန်မာနိုင်ငံက  ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၁၄ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၉၁၂ ကျော် ရရှိခဲ့ပါတယ်။

ယခု ဘဏ္ဍာရေးနှစ်ရဲ့ အောက်တိုဘာလကုန်ထိ  ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုက တန်ချိန် ၇ သိန်းကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၇၂ သန်းကျော် ရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013