DVB Logo
Home
အာရှဒေသ
ပါကစ္စတန် အမျိုးသမီးကောင်စီသစ်က တရားမျှတမှုအတွက် တိုက်ပွဲဝင်နေ
DVB
·
November 6, 2013
ပါကစ္စတန် အမျိုးသမီးကောင်စီသစ်က တရားမျှတမှုအတွက် တိုက်ပွဲဝင်နေ
Donate to DVB

၁ နှစ်အချိန်ကြာမြင့်ပြီဖြစ်ပေမယ့် ဂျင်ဘာနိုဟာ သူ့သမီးကို ဆုံးရှုံးခဲ့ရတဲ့အတွက် ခံစားနေရတာ သက်သာရာ ရမလာသေးပါဘူး။

အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူ တာဟီရာကို သူ့ယောက်ျားက အက်ဆစ်နဲ့ ပက်ပြီး သတ်ပစ်ခဲ့တာလို့ ဂျင်ဘာနိုက ပြောပါတယ်။

“သူ့ရဲ့ နားရွက်နဲ့ ၀မ်းဗိုက်တ၀က်လောက်က လုံးဝ လောင်သွားတာပေါ့ရှင်၊ လက်တွေကလည်း ရှုံ့တွသွားပြီး ခန္ဓာကိုယ်တခုလုံးဟာ ဖုတ်ထားတဲ့ အသားတုံးလိုမျိုး ဖြစ်သွားခဲ့တာပါ။”

တာဟီရာရဲ့ မျက်နှာရော၊ ကိုယ်အပေါ်ပိုင်းတခုလုံး ရော ပျက်စီးသွားခဲ့ပြီး မသေဆုံးခင်မှာ သူက ဗွီဒီယိုနဲ့သက်သေ မှတ်တမ်းတင်းထားခဲ့တယ်လို့ ဂျင်ဘာနိုက ပြောပါတယ်။

“မိုဘိုင်းဖုန်းနဲ့ ရိုက်ထားတဲ့ ဗွီဒီယိုတခုမှာ ကျမသမီးက “ကျမကို လောင်အောင်လုပ်သလို သူတို့ကိုလည်း လောင်သွားအောင် လုပ်ပေးကြပါရှင်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့က ဆင်းရဲပြီး ကူညီမယ့်သူ မရှိတော့ ဘာမှ မလုပ်နိုင်ပါဘူး။ အလ္လာဟ်အရှင်က သူတို့ကို လောင်မြိုက်ပစ်ပါစေ။”

ဗွီဒီယိုထဲမှာ တာဟီရာက အဲဒီအဖြစ်အပျက်ကို ရဲကို လိမ်ပြောဖို့ သူမကို အတင်း ပြောခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဂျင်ဘာနိုဟာ မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုကို ယူပြီး ရဲစခန်းကို သွားခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ပါဘူး။ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အကူအညီနဲ့ သူ့ရဲ့ ဆိုးဝါးခက်ခဲတဲ့ အခြေအနေကို ပေါ်လွင်လာဖို့ ကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။ နောက်တော့ ပုလိပ်က တာဟီရာရဲ့ ယောက်ျားကို အမှုဖွင့်ပေးခဲ့ပါတယ်။

အခုတော့ အမှုက တရားရုံးကို ရောက်သွားပါပြီ။ ဒါပေမယ့် စီရင်ချက်ချတဲ့အဆင့် ထိရောက်ဖို့ကတော့  နှစ်နဲ့ ချီပြီး ကြာနိုင်ပါတယ်။

အမှုကို မြန်မြန် ဆောင်ရွက်ဖို့ ဂျင်ဘာနိုအနေနဲ့ ဒေသ သက်ကြီးပိုင်း ယောက်ျား လူမျိုးစုခေါင်းဆောင်တွေရဲ့ကောင်စီက ထောက်ခံမှု ရရှိဖို့ လိုပါတယ်။
ဂျင်ဘာနိုက သူတို့ရဲ့ ထောက်ခံမှုကို တောင်းဖို့ သွားခဲ့ပေမယ့် ယောက်ျားသားတွေချည်း ပါဝင်တဲ့ အဲဒီကောင်စီက သူ့အမှုကို ကြားနာဖို့ ငြင်းဆန်ခဲ့ပါတယ်။

နောက်တော့ မနှစ်က အမျိုးသမီးများကောင်စီကို အမျိုးသမီး တက်ကြွလှုပ်ရှားသူ တာဘတ်စ်ဆမ်အက်ဒ်နန်က တည်ထောင်လိုက်ပြီးချိန်မှာတော့ သူ့မှာ မျှော်လင့်ချက်ရှိ လာခဲ့ပါတယ်။

တာဘတ်စ်ဆမ်အက်ဒ်နန်က “ဒီလူ့အဖွဲ့အစည်းမှာ အလုပ်လုပ်တာက ကျမကို ယောက်ျားတွေဟာ အမျိုးသမီးကိစ္စ တွေကို ဘယ်တော့မှ အလေးထားလေ့မရှိဘူးဆိုတာနဲ့ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ တကယ့် ကိစ္စတွေကို သူတို့ နားမလည်နိုင်ဘူးဆိုတာ သိလာစေခဲ့ပါတယ်။ ကျမ အမျိုးသမီးများကောင်စီကို ထူထောင်ရတာ အဲဒါကြောင့်ပါ” လို့ ပြောပါတယ်။

ဒါပေမယ့် ပတ်စ်ရှ်တွန်း ရှေးရိုးစွဲ လူ့အဖွဲ့အစည်းမှာတော့ အဓိက ဆုံးဖြတ်ချက်တွေကို ချတဲ့သူတွေဟာ ယောက်ျားတွေပဲ ဖြစ်ပါတယ်။

ဆ၀တ်တောင်ကြားဒေသ ယောက်ျားကောင်စီရဲ့ ဥက္ကဋ္ဌ ဇာဟစ်ခန်က “ဒီမိန်းမတွေက အမျိုးသမီးကောင်စီတခု ဖွဲ့စည်းခဲ့တဲ့အတွက် ကြိမ်လုံးနဲ့ အရိုက် မခံရတာကိုတောင် ကျေးဇူးတင်သင့်တယ်ဗျ။ အဲဒါက ပတ်စ်ရှ်တွန်းယဉ်ကျေးမှုကို အသရေ ဖျက်တာပဲလေ။ အမျိုးသမီးတွေက သူတို့ရဲ့ကိုယ်ပိုင် ကောင်စီ ဖွဲ့စည်းခွင့် လုံးဝ မရှိဘူး” လို့ ပြောပါတယ်။
သေဆုံးမှုတွေ များပြားလာတာ ရှိပေမယ့် သူရဲ့ စူးစိုက် ဆောင်ရွက်မှုကို ဆက်လုပ်နေဆဲ ပဲလို့ တာဘတ်စ်ဆမ်က ပြောပါတယ်။

“ကျမက ကောင်းတာ လုပ်နေတဲ့အတွက် မကြောက်ပါဘူး။ ကျမ ပျော်ပါတယ်။ ယောက်ျားတွေ သိသင့်တာက ဒီယောက်ျား လွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အခု မိန်းမတွေက နာခံပျပ်ဝပ်ကြမှာ မဟုတ်တော့ဘူး ဆိုတာပါပဲ။”

အခုချိန်ထိကတော့ အိမ်တွင်း အကြမ်းဖက် အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသမီး ကောင်စီက ၁၁ မှုပဲ ဖြေရှင်းနိုင်ပါသေးတယ်။

အိမ်ရှင်ဖြစ်သူရဲ့ အသိပေးအကြောင်းကြားမှုမရှိဘဲ နှင်ထုတ်ခံရတဲ့ အသက် ၅၅ နှစ် အရွယ် ဘီဘီ ဟာနီဖာကို အမျိုးသမီးကောင်စီက အကူအညီပေးခဲ့ပါတယ်။
ကောင်စီက ကြားဝင် ဆောင်ရွက်ပေးပြီးတဲ့အချိန်မှာ အိမ်ပိုင်ရှင်က သူ့ကို အိမ်အသစ် တခုရှာဖို့ အချိန်ပိုပြီး ပေးခဲ့ပါတယ်။

ဘီဘီ ဟာနီဖာက “ယောက်ျားကောင်စီက အမျိုးသမီးတွေအတွက် ဘာမှ ကောင်းအောင် လုပ်မပေးနိုင်ပါဘူး။ ဆ၀တ်မှာ မိန်းမတွေက ယောက်ျားတွေကို စကားပြောလို့ မရပါဘူး။ ဒါပေမယ့် အမျိုးသမီးကောင်စီအနေနဲ့ စကားပြောတာပါ။ ကျမရဲ့ အခွင့်အရေးအတွက် အခု ကျမ စကားပြောနိုင်ပါပြီ။ အဲဒါက အမျိုးသမီးကောင်စီကြောင့်ပါ။ အခုတော့ ကျမတို့ အချိန် ရောက်လာပါပြီ” လို့ ပြောပါတယ်။

အမျိုးသမီးကောင်စီဝင်တွေက တာဘတ်စ်ဆမ်ရဲ့အိမ်မှာ သူတို့ ကိုင်တွယ် ဖြေရှင်းနေတဲ့အမှုတွေကို ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။

ကောင်စီရဲ့ ဥက္ကဋ္ဌ တာဟီရာဘာရှစ်စ်က “ကျမက ပညာတတ် မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်တွင်းရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ ကျမ အတွေ့အကြုံ ရှိပါတယ်။ ကျမတို့ အမျိုးသမီးကောင်စီက အမျိုးသားကောင်စီထက် ပိုပြီး ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်ဆိုတာကတော့ သေချာပါတယ်။ ကျမတို့က ကျမတို့ရဲ့ ကိုယ်ပိုင် ငွေကြေးကို သုံးပြီး ပြဿနာတွေ ဖြေရှင်းပေးနေပေမယ့် အဲဒီလို ပြဿနာတွေ ဖြေရှင်းပေးဖို့ အငြင်းပွားနေတဲ့ သူတွေဆီက ယောက်ျားကောင်စီက ငွေကြေး အထောက်အပံ့ ရယူခဲ့ပါတယ်။ ကျမကတော့ ကျမ လူ့အဖွဲ့အစည်းနဲ့ အမျိုးသမီးတွေရဲ့ ကောင်းကျိုးအတွက် အားလုံးလုပ်ပေးမှာပါ” လို့ ပြောပါတယ်။

ဂျင်ဘာနိုရဲ့ အမှုနဲ့  တရားမျှတမှုအတွက် သူရဲ့ ဆက်လက် ဆောင်ရွက်မှုတွေ၊ သူသမီးအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်နေတဲ့လုပ်ရပ်တွေဟာ ပိုပြီး မြန်ဆန်လာတော့မယ်လို့ ဆိုပါတယ်။

ယောက်ျားကောင်စီရဲ့ အကြီးတန်းအဖွဲ့ဝင်တဦးဖြစ်တဲ့ ဆေးအစ် အီနမ်းအာ ရာမန်က ဒီ အမှုမှာ သူ့ရဲ့ ထောက်ခံမှုကို ပြသဖို့ အမျိုးသမီးကောင်စီကို ရောက်လာခဲ့ပါတယ်။

“ကျနော်က တာဘတ်စ်ဆမ်နဲ့ သူရဲ့ ကောင်စီနဲ့ သဘောတူပါတယ်။ တာဟီရာရဲ့ အမှုမှာ ပြစ်မှုကျူးလွန်သူကို အစိုးရက အပြစ်ဒဏ် ပေးစေချင်ပါတယ်။ အမျိုးသမီးအခွင့်အရေးတွေကို ပြည်သူလူထုတွေ သိလာအောင် ကျနော်တို့ အတူတူ အလုပ်လုပ် သင့်တာပေါ့ဗျာ။”

ယောက်ျားကောင်စီက ဂျင်ဘာနိုရဲ့သမီး အသတ်ခံရမှုမှာ သက်သေအထောက်အထား ပိုပြီး ရရှိဖို့ စုံစမ်းစစ်ဆေးရာမှာ အကူအညီ ပေးမှာဖြစ်ပြီး အမျိုးသမီးကောင်စီက ပါကစ္စတန်နိုင်ငံ တရားသူကြီးချုပ်ဆီကို ဗွီဒီယို မှတ်တမ်းသက်သေ ပေးပို့မှာ ဖြစ်ပါတယ်။ တရားရုံးက နိုဝင်ဘာလထဲမှာ အမှုကို ကြားနာမှာပါ။

မူဒါဆာရှားက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် ပါကစ္စတန် ဆ၀တ်တောင် ကြားဒေသက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013