DVB Logo
Home
မြန်မာသတင်း
လယ်ယာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဖြစ်နေ
DVB
·
November 6, 2013
လယ်ယာကဏ္ဍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဖြစ်နေ
Donate to DVB

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ  နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အတော်များများ ပြုလုပ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပေမယ့်  မြန်မာ့လူဦးရေရဲ့ အများစု မှီခိုလုပ်ကိုင်နေတဲ့ လယ်ယာကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဟာ အနည်းဆုံး ဖြစ်နေပါတယ်။

မြန်မာ့လယ်ယာကဏ္ဍအပေါ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက  လက်ရှိမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏရဲ့ ၀ ဒဿမ ၄ ရာခိုင်နှုန်းပဲ ရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ လယ်ယာကဏ္ဍ အပေါ် မှီခိုပြီး စီးပွားရေး လုပ်ကိုင်နေတာ ဖြစ်ပြီး  လယ်ယာကဏ္ဍအပေါ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက အားနည်းတဲ့အတွက်  လယ်ယာကဏ္ဍကတော့ အခုအချိန်ထိ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေတာလည်း ဖြစ်ပါတယ်။

ဒီလို အားနည်းမှုရှိရတဲ့ အကြောင်းရင်းက ရင်းနှီးမြှုပ်နှံတဲ့သူတွေအတွက် ဆုံးရှုံးနိုင်မှု အန္တရာယ်နဲ့ တွေ့ကြုံရင်ဆိုင်တဲ့အခြေအနေက အခြားလုပ်ငန်းတွေထက် ပိုမို များပြားတာကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တွဲဖက်အတွင်းရေးမှူးလည်းဖြစ်၊ တောင်သူလယ်သမားအသင်းရဲ့ ဥက္ကဋ္ဌတဦးလည်းဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ခုလိုသုံးသပ် ပြောပါတယ်။
“အဓိကကတော့ ထောက်ပံ့မှုများဖို့။ မြန်မာပြည်မှာ ရှိနေတဲ့ လယ်ယာတွေ ရေစီးရေလာ ကောင်းမွန်ဖို့တို့၊ သယ်ယူပို့ဆောင်မှုစနစ်တို့ နောက် ရေထုတ်ရေသွင်းစနစ်တို့ ဒါတွေ အကုန်လုံးကို ဆောင်ရွက်ထားခြင်း မရှိဘူး။ တကယ်အရေးကြီးတာက အထက်အညာဒေသ မိုးခေါင်းရေရှားမှုတွေ အမြဲတမ်း ဖြစ်ပေါ်တဲ့အတွက်ကြောင့်မို့ ရင်းနှီးမြှုပ်နှံမှု လုပ်လိုက်ပြီးတော့ ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်မယ့် ပမာဏအခြေအနေက ပိုများတဲ့အတွက်ကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံတဲ့ လူက ပြည်ပမှာတင်မကဘူး ပြည်တွင်းရှိတဲ့လူကလည်း ဘယ်သူမှ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြတဲ့ သူတွေက ရှိနေတာပေါ့နော်။”

ပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေ များစွာ ၀င်ရောက်လာပြီး မြန်မာ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့  အစိုးရက ဆောင်ရွက်သင့်တဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ စိုးထွန်းက ခုလို အကြံပြုပါတယ်။

“အဓိက အားနည်းချက်ဖြစ်နေတဲ့ အခြေခံအဆောက်အအုံ (Infrastructure) ပိုင်းကို အစိုးရက ဆောင်ရွက်ပေးဖို့လိုမယ်။ အာမခံစနစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးဖို့လိုမယ်။ နောက်တခါ ဘဏ္ဍာရေးစနစ် ပေါ့နော်။ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံသူတွေအတွက် လိုအပ်တဲ့ Banking System ဒါတွေကို ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေ ရှိတယ်။ အတားအဆီးတွေ ရှိတယ်။”

အခု ဘဏ္ဍာရေးနှစ်ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့အထိ ပြည်တွင်းမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေထဲ  စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉ ဒဿမ ၂ ဘီလီယံ (သန်းပေါင်း ၁၉၂၀၀) ကျော်နဲ့ ပထမအဆင့်မှာ ရပ်တည်နေပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍက  အမေရိကန်ဒေါ်လာ  ၁၄ ဒဿမ ၃ ဘီလီယံ (သန်းပေါင်း ၁၄၃၀၀) ကျော်နဲ့ ဒုတိယအဆင့်မှာ ရှိနေပါတယ်။

ဒီနောက် သတ္တုတူးဖော်ရေးကဏ္ဍက  အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈၃၃ ဘီလီယံ (သန်းပေါင်း ၂၈၃၃) ကျော်နဲ့ တတိယအဆင့်မှာ ရှိနေပြီး လယ်ယာကဏ္ဍအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၁၉၁သန်းကျော်နဲ့ အောက်ဆုံးအဆင့်မှာ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013