DVB Logo
Home
မေးမြန်းခန်း
ဖက်ဒရယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်သွားမယ် – ဒုဗိုလ်ချုပ်ကြီး မြင့်စိုး
DVB
·
November 6, 2013
ဖက်ဒရယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်သွားမယ် – ဒုဗိုလ်ချုပ်ကြီး မြင့်စိုး
1 / 2
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး  တပ်မတော်ရဲ့ သဘာထား ဘယ်လို ရှိနေပါလဲ၊ မြစ်ကြီးနားဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ဒီဗွီဘီသတင်းထောက် ဦးအေးနိုင်က မြစ်ကြီးနားမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ်မှာ တပ်မတော်ရဲ့သဘောထား ရှင်းပြပေးပါ။

“တပ်မတော်က တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်ချင်လို့ပဲ ဒီကိစ္စတွေမှာ  ထဲထဲဝင်ဝင် လုပ်နေတာပေါ့။ အခုလည်း နိုင်ငံတော်က ဆောင်ရွက်ပြုစုခဲ့တဲ့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို နှစ်ဖက်အဖွဲ့တွေ ချပြပေးပြီး ဖြစ်ပါတယ်။ အဲလို ချပြနိုင်အောင်လည်း တပ်မတော်က ထည့်သွင်းရေးဆွဲခဲ့တာပါ။ ”

ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို အစိုးရနဲ့ လွှတ်တော်တွေဘက်ကလည်း ပြောလာသလို တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တစိုက်မတ်မတ် တောင်းဆိုခဲ့ကြတယ်။ တပ်မတော်ဘက်က လက်ခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံက တိုင်းရင်းသားတွေပြောနေတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ပုံသဏ္ဌာန်နဲ့ အနှစ်သာရချင်း အတူတူပဲလား။

“ကျနော့်အမြင်ပြောရရင် တိုင်းရင်းသားတွေဘက်က လိုချင်တဲ့ပုံစံ၊ သူတို့ ဘယ်လို လိုချင်တယ်ဆိုတာတော့ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်တို့ပြောတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဆက်သွားမှာပဲ။ ဒါသည် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါတဲ့ ပြည်ထောင်စုပဲ။”

လွတ်လပ်ရေးရပြီးကတည်းက ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်အပေါ် တပ်မတော်က ဘယ်လိုမျိုး ရှုမြင်လဲ။

“စစ်ဆိုတာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့ တိုက်ပွဲတွေ ဖြစ်တာ။ ဒါက တကမ္ဘာလုံး ယူဆထားတဲ့ အယူအဆတခုပဲ။ ဒီကနေ့ ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာကလည်း နိုင်ငံရေးအရ ဖြေရှင်းလို့ မရဘူး ထင်လို့ သူတို့ဘက်ကလည်း လက်နက်ကိုင် ဖြစ်လာတာ။ ဒါကြောင့် ဒီနေ့မှာ နိုင်ငံရေးနည်းနဲ့  ဖြေရှင်းနိုင်အောင် ဆောင်ရွက်နေတာပေါ့။ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ဆိုတာကလည်း အဆင့် ၃ ဆင့်ပေါ့။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲမယ်၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်အောင် မူဘောင်ချမယ်။ ပြီးရင် နိုင်ငံရေးအရ ဆွေးနွေးမယ်။ ဒီအဆင့် ၃ ဆင့်ကို ကျနော်တို့ သွားနေတာပဲ။ တပ်မတော်က ဘယ်လိုခံယူလဲဆိုရင် ဒီ ၃ ချက်အတိုင်း ဆက်ပြီး သွားမှာပါ။”

အစိုးရသစ်တက်ပြီး နောက်ပိုင်း ပွင့်လင်းမြင်သာမှု ရှိလာတယ်၊ စာနယ်ဇင်းသမား တွေလည်း လွတ်လပ်စွာ ရေးသားခွင့်ရတာတွေ ရှိလာတယ်။ တပ်မတော်ဘက်ကရော စိုးရိမ်ပူပန်မှု ဘယ်လိုမျိုး ရှိလဲ။

“ကျနော်တို့က စိုးရိမ်ပူပန်တာ ဘာမှမရှိဘူး။ အခု လက်ရှိမှာ သွားနေတဲ့ တပ်မတော်ရဲ့ တာဝန်က ကာကွယ်ရေးတာဝန်၊ ဒုတိယက ကာကွယ်ရေးတာဝန်မရှိရင် လေ့ကျင့်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်မရှိရင် ပြည်သူအကျိုးပြုလုပ်ငန်း၊ တပ်မတော်က ကိုယ့်တာဝန် ကိုယ် ထမ်းဆောင်နေတာပဲ။ ဒီကနေ့ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာလည်း တပ်မတော်က လိုအပ်တာတွေ ကူညီ ဆောင်ရွက်ပေးနေတာပဲ။ ဒါကြောင့် တပ်မတော်က ဘာမှ စိုးရိမ်ပူပန်စရာ မရှိဘူး။ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်က ဆောင်ရွက်နေတဲ့အပိုင်းမှာ အခြေခံဥပဒေနဲ့အညီပဲ သွားနေတာပဲ။”

စိုးရိမ်ပူပန်မှုဆိုတာက ပွင့်လင်းတဲ့လူ့အဖွဲ့အစည်း ဖြစ်သွားရင် ဥပမာ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်မလား အဲဒါကို ပြောတာပါ။

“စိုးရိမ်ပူပန်တာတော့ မဟုတ်ဘူး၊ ကျနော်တို့အနေနဲ့ ခံယူတာက ပြည်ထောင်စု မပြိုကွဲအောင်၊ ပြိုကွဲလို့ မရဘူး။ ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်ရမှာပဲ။ ဒုတိယ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲလို့ မရဘူး။ တတိယ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ရမယ်။ ဒါသည် ကျနော်တို့ရဲ့ ယုံကြည်ချက် ခံယူချက်လည်း ဖြစ်တယ်။ ဒီအတွက် တပ်မတော်က တာဝန်တွေ ထမ်းဆောင်နေတာပါ။”

မြစ်ကြီးနားဆွေးနွေးပွဲကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြန်လည်ရင်ကြားစေ့ရေး တဖက်နဲ့တဖက် ဘယ်လိုမျိုး သုံးသပ်လဲ။

“ကျော်လွှားနိုင်အောင် တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်နေတာ။ အဲလိုလုပ်လို့လည်း အတိုင်းအတာတခုထိ အရင်တုန်းက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတာကနေ ဒီကနေ့ နည်းသွားတယ်၊ မရှိသလောက် ဖြစ်သွားတယ်။ ရံဖန်ရံခါ အနည်းအပါးတော့ ရှိသေးတာပေါ့။ အဲလိုမျိုး ဖြစ်လို့လည်း ဒီကနေ့ ဆွေးနွေးပွဲက လက်မှတ်ထိုးနိုင်တဲ့အဆင့် မရသော်ငြားလည်း နောက်တကြိမ် ပြန်လည်တွေ့မယ်ဆိုတဲ့အဆင့်မျိုး ကျနော်တို့ ဆုံးဖြတ်နိုင်တာပေါ့။ ဒါသည် အတိုင်းအတာတခု အနေနဲ့ အောင်မြင်တယ်လို့ ပြောလို့ ရနိုင်တာပေါ့။ ဒါကြောင့်မို့လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးက မလွဲမသွေ ဖြစ်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။ အဲဒီလို ယုံကြည်လို့လည်း နှစ်ဖက်လုံး ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာပေါ့။”

ဒီဗွီဘီ ကနေပြီး ပြည်သူလူထုတရပ်လုံးကို အမှတ်တရစကားလေး ပြောပေးပါခင်ဗျား။

“တခြားတော့ မရှိပါဘူး။ ကျနော်တို့ကတော့ တပ်မတော်ဆိုတာကတော့ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန် အတိုင်း ဆောင်ရွက်နေတာပဲ။ အဲဒီလို ဆောင်ရွက်တဲ့ အပိုင်းမှာလဲ အဓိကက သမ္မတကြီး ရေဒီယို မိန့်ခွန်းမှာ ပါသလိုပေါ့။ တဖက်က ငြိမ်းချမ်းရေးကို တည်ဆောက်တယ်။ တဖက်က နိုင်ငံရေးဖြစ်စဉ်တွေကို ဆောင်ရွက်နေတယ်။ တဖက်က ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှလည်း နိုင်ငံရေးဖြစ်စဉ်တွေကို ပြုပြင်ပြောင်းလဲနိုင်မှာပေါ့။ ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းမှာ တပ်မတော်က ကျရာ အခန်းကဏ္ဍ ကနေပြီး အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေတာပဲ။ အဲဒါကလည်း ဘယ်အတွက်လည်းဆိုတော့ ပြည်သူလူထုအကျိုးစီးပွား အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013