DVB Logo
Home
မြန်မာသတင်း
ဘုံသဘောတူညီချက်များကြောင့် ငြိမ်းချမ်းရေး ပိုအောင်မြင်လာနိုင်
DVB
·
November 6, 2013
ဘုံသဘောတူညီချက်များကြောင့် ငြိမ်းချမ်းရေး ပိုအောင်မြင်လာနိုင်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  အစိုးရအကြား  ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ရရှိလာတဲ့ဆုံဖြတ်ချက်တွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ပိုမို အောင်မြင်လာနိုင်တယ်လို့ ငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့်နေတဲ့  လူထုအခြေပြု အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ပူးပေါင်းပြီး   မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မြစ်ကြီးနားမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုတွေ ရခဲ့တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်လာနိုင်တဲ့ လက္ခဏာဖြစ်တယ်လို့ ပြည်တွင်းက လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ လေ့လာသူတွေက  သုံးသပ် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လက်တွေ့ ငြိမ်းချမ်းရေးဆောင်ရွက်နေသူတွေ တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ချခဲ့တာ ဖြစ်တဲ့အတွက် လိုက်နာကျင့်သုံးပါက  ငြိမ်းချမ်းရေး မဝေးတော့ဘူးလို့ ရှမ်းစာပေ ပညာရှင်များအဖွဲ့ရဲ့ အတွင်းရေးမှူးဒေါက်တာစိုင်းဆန်ဖေက ပြောပါတယ်။

“ရလာတဲ့ ဆုံးဖြတ်ချက်တွေကို အားလုံးလိုက်နာမယ်ဆိုရင် ငြိမ်းချမ်းရေးက မဝေးတော့ဘူးလို့ ထင်ပါတယ်။ အခုဆုံးဖြတ်ချက်ချထားတဲ့ဟာတွေက တကယ့်လက်တွေ့ လုပ်ဆောင်နေတဲ့သူတွေ စည်းဝေးတိုင်ပင်ပြီးတော့ ဆုံးဖြတ်ကြတာလေ။ ကျနော့်အမြင်ပြောရရင်တော့ အားလုံး ကောင်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက အဲဒီလိုမျိုး လက်နက်ချပြီး ဆွေးနွေးကြမယ့် အပိုင်းပေါ့။ လိုက်နာဖို့ ခက်မယ်ထင်တယ်။ ကျနော် မွေးစကတည်းက ပြည်တွင်းစစ်ကြီးက ဖြစ်နေတာလေ။ အခုအသက် ၅၀ ကျော် ၆၀ နားကပ်နေပြီ၊ ဒါကြောင့် နှစ်ပေါင်း ၅၀ ကျော်လောက် ကျနော်က ခံလာခဲ့ရတာလေ။ အမြန်ဆုံး ငြိမ်းချမ်းရေး ရချင်တာပဲ သိပါတယ်။ ”

ဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ရလဒ်တွေကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ပိုပြီးအောင်မြင်လာမယ်လို့ မျှော်လင့်ကြောင်း ကယန်းစာပေယဉ်ကျေးမှုကော်မတီရဲ့အထူးအကြံပေး ဦးယူဂျင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေး ရမှာပဲ တိုင်းပြည်က ပိုမိုတိုးတက်မယ်လို့ ယုံကြည်တယ်လေ။ ဆွေးနွေးချက် ကို သတင်းထဲမှာ ကြည့်လိုက်တော့ တော်တော်လေး အားရပါတယ်။ ကျနော်တို့ သုံးသပ်တာ ပိုပြီး အောင်မြင်လာမယ်။ တိုင်းပြည်လည်း ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်တယ်လေ။ ကျနော်တို့ နိုင်ငံကြီးကို မျှော်လင့်တာထက်ကို ဖြတ်သန်းလာတဲ့ ဒီမိုကရေစီ ကျင့်စဉ်ပေါ်မှာ မီးကုန်ကမ်းကုန် ကြည့်ရှုရလိမ့်မယ်။ ကြည့်ရှုရင်းနဲ့ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ လုပ်ငန်းတွေမှာ ကျနော်တို့ အတက်နိုင်ဆုံး ကူညီရလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့  ဦးမြအေးကလည်း  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ တိုးတက်တဲ့လက္ခဏာ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“အခု ဆွေးနွေးတာ တိုးတက်တဲ့ လက္ခဏာရှိတယ်လို့ ကျနော်မြင်တယ်။ ဒါပေမယ့် ရလဒ် အပြီးသတ်ကိုတော့ ကျနော်တို့လည်း အခုအချိန်အထိ မသိသေးဘူးလေ။ သေချာတခုက ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းကတော့ နဂိုက ကတည်းက ကြိုးပမ်းချက်တွေ တစိတ်တပိုင်း အရာထင်လာတာ အကောင်အထည်ပေါ်လာတာ တွေ့ရတော့ ကျနော်တို့ ၀မ်းသာတယ်။ ကျနော်တို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်တယ်။ အဲဒါတော့ အတိအလင်းပြောချင်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြဿနာပဲလို့ ကျနော်တို့မြင်တယ်။ တိုင်းရင်းသားအခွင့်အရေးကို တန်းတူညီမျှ အခွင့်အရေးဖော်ဆောင်ပေးမယ်ဆိုရင် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုတော့ ပြင်ကိုပြင်ရမယ့် ကိစ္စဖြစ်လာမှာပဲလေ။”

ကချင်ငြိမ်းချမ်းရေးကွန်ရက်က စေ့စပ်ညှိနိုင်းရေးမှူး ဒေါ်ခွန်ဂျာက “နိုဝင်ဘာလမှာ ဒီ အပစ်အခတ်ရပ်စဲရေးကို ထိုးဖြစ်မှာ မဟုတ်ဘူးလို့ ပြောထားတယ်။ အဲဒီတော့ ကျမတို့ အနေနဲ့ သိပ်ပြီးတော့ ထူးခြားပြီး မျှော်လင့်ချက်မရှိဘူး။ တိုင်းရင်းသားအဖွဲ့များ အားလုံး တစည်းတလုံးတည်းရှိပြီးတော့မှ အတူတကွ လုပ်ဆောင်မယ်ဆိုတဲ့အတွက်ကြောင့် ကျမတို့ ပြည်သူလူထုအနေနဲ့ ၀မ်းသာတယ်ရှင့်။ တဖွဲ့ချင်း ဖဲ့ပြီး လုပ်တာနဲ့အစား ဒီလိုမျိုး တစုတစည်းတည်း လုပ်တာ ပိုပြီးအင်အားရှိတယ်” လို့ပြောပါတယ်။

မြစ်ကြီးနားဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ဘုံသဘောတူညီထားတဲ့ ၁၁ ချက်ကို သဘောတူရန် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို တင်ပြခဲ့ပြီး ဖက်ဒရယ် တပ်မတော်လို့ ခေါ်တဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး သဘောထား ကွဲပြားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ အပစ်အခတ်ရပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ   ၂ ရက်ကြာ ဆွေးနွေးပြီး  တပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013