DVB Logo
Home
မြန်မာသတင်း
ပေါင်းလောင်းစီမံကိန်းကြောင့် နစ်နာမှုများကို ကတိအတိုင်းပေးရန် တောင်းဆို
DVB
·
November 5, 2013
ပေါင်းလောင်းစီမံကိန်းကြောင့် နစ်နာမှုများကို ကတိအတိုင်းပေးရန် တောင်းဆို
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှာ သံလွင်မြစ်ပေါ်မှာတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ထိခိုက်နစ်နာခဲ့တဲ့ ကျေးရွာ ၂၃ ရွာက ဒေသခံတွေအတွက် အစိုးရက ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ရေကာတာ စီမံကိန်းနဲ့ မလွတ်လို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက ရွှေ့ပြောင်းပေးခဲ့ရတဲ့ ဒေသခံတွေဟာ နစ်နာကြေးတွေ ကတိအတိုင်းမရတဲ့အပြင် နေရာသစ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလို့ ပေါင်းလောင်းဒေသ ကိုယ်စားပြုကော်မတီနဲ့ ပေါင်းလောင်းဒေသခံတွေက ရန်ကုန်မှာ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်တာပါ။

ရွှေ့ပြောင်းကျေးရွာက ဒေသခံတွေကို အစိုးရက မီတာဘောက်တွေ တပ်ပေးမယ်၊ မီးမပျက်အောင် လုပ်ပေးမယ်၊ သောက်သုံးရေနှင့်ကျေးရွာဆက်လမ်းများ အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောထားပေမယ့် မလုပ်ပေးတဲ့အတွက် ဒေသခံတွေက မကျေမနပ် ဖြစ်နေကြတာလို့ ပင်လောင်းမြို့နယ် ထိန်ပင်ကျေးရွာအုပ်စု ကျောင်းကမ္ဘာရွာနေ ဦးညွန့်ဝင်းက ပြောပါတယ်။

“လယ်ရဲ့ လျော်ကြေးလည်း မပေးဘူး။ မြေရဲ့ လျော်ကြေးလည်း မပေးပါဘူး။ သီးနှံလျော်ကြေးလောက်ပဲပေးတယ်။ ကျနော်တို့က လယ်ယာမြေ လုပ်ကိုင် စားသောက်ရတဲ့ လယ်သမားတွေ ဖြစ်တဲ့အတွက် ဘိုးဘွားပိုင် ဒီလယ်လေးတွေကို ချစ်မြတ်နိုးစိတ်နဲ့ ကျနော်တို့ ရဲ့ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို တာဝန်ရှိတဲ့သူတွေ လာရောက်ပြီး စိစစ်ပေးစေချင်တယ်။”

ပေါင်းလောင်းဆည် တည်ဆောက်မှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရတဲ့ ကျေးရွာတွေက နေအိမ်၊ စာသင်ကျောင်းနဲ့ လယ်မြေတန်ဖိုးတွေအတွက် လျော်ကြေးပေးဖို့ နိုင်ငံတော်အစိုးရက ကျပ် သိန်းပေါင်း ၁၈၀၀၀၀ သတ်မှတ်ထားတာပါ။

ဒါပေမယ့် အိမ်ထောင်စုစာရင်း၊ မြေဂရန်ရှိခြင်း၊ မရှိခြင်းအပေါ် အကြောင်းပြပြီး တချို့ ရွာသားတွေဟာ နေအိမ်နဲ့ နစ်နာကြေးတွေ ဒီနေ့အချိန်ထိ မရရှိသေးဘူးလို့ သိရပါတယ်။

ဒေသခံတွေအနေနဲ့ သောက်သုံးရေနဲ့ လမ်းပန်းဆက်သွယ်ရေးက အစ အဆင်မပြေဖြစ်နေတယ်လို့လည်း ပင်လောင်းမြို့နယ် ကျောင်းရွာသူတဦးက ပြောပါတယ်။

“ကျမတို့က ဆန္ဒတခု ရှိတာက ရွာမှာ ဆေးရုံ ဆေးခန်းတခု ရှိစေချင်တယ်။ ကျမတို့ မြို့ကို နာရီဝက် သွားရတယ်။ ဆိုင်ကယ်နဲ့ သွားရတယ်။ ကြားထဲမှာ သေတဲ့သူက သေသွားတယ်။ ရေတွင်းတွေကိုလည်း ရှိစေချင်တယ်။ အိမ်ရှင်မတွေ ဆန္ဒအရ စားဝတ်နေရေး နေရေးထိုင်ရေးအတွက် စိစစ်ပေးပြီးတော့ ထပ်ပြီးတော့ ဖြည့်ပေးစေချင်တယ်။ သူတို့ ပေးတဲ့ လျော်ကြေးငွေနဲ့ မလုံလောက်ပါဘူး။ မိခင်တွေ ခွက်တလုံးနဲ့ ကလေးကို ဆွဲပြီး လမ်းမပေါ် တောင်းစားရမလိုဖြစ်နေပြီ။”

ပေါင်းလောင်းဒေသခံတွေ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့နဲ့ လျော်ကြေးပေးမှုမှာ မှန်မှန်ကန်ကန်ဖြစ်စေဖို့ စတဲ့ အချက်တွေပါဝင်တဲ့ ပေးစာကို ကယန်းမျိုးဆက်သစ်လူငယ်များအဖွဲ့က သမ္မတထံတင်ပြတောင်းဆိုသွားဖို့ ရှိနေပါတယ်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၄၀ ထွက်ရှိမယ့် အထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနဲ့ တရုတ်နိုင်ငံက ယူနန် စက်ယန္တရား သွင်းကုန်၊ ထုတ်ကုန် ကုမ္ပဏီတို့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက စတင်တည်ဆောက်နေတာပါ။

ပေါင်းလောင်းမြစ်ဝှမ်းမှာ ပအိုဝ်း၊ ကယန်းနဲ့ ဗမာလူမျိုးတွေ အဓိက နေထိုင်ကြပြီး စပါး၊ နနွင်း စတဲ့ သီးနှံတွေနဲ့ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြတာပါ။ ဒီစီမံကိန်းကို အကြောင်းပြုပြီး ရေဝပ်ဧရိယာ အတွင်းရှိ ကျေးရွာပေါင်း ၂၃ ရွာက လူပေါင်း ၈၀၀၀ ကျော်နဲ့ လယ်ယာမြေ ဧက ၁၂၀၀၀ ကျော် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013