DVB Logo
Home
မြန်မာသတင်း
အစိုးရကြွေးကျန်ကိစ္စ ရှင်းလင်းရန် လွှတ်တော် တောင်းဆို
DVB
·
November 5, 2013
အစိုးရကြွေးကျန်ကိစ္စ ရှင်းလင်းရန် လွှတ်တော် တောင်းဆို
Donate to DVB

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက နိုင်ငံတော်ကို ပေးသွင်းဖို့ ကျန်ရှိနေတဲ့ ကြွေးတွေဟာ ကျပ်သန်းပေါင်း သန်းနဲ့ချီ ရှိနေပြီး နှစ်အဆက်ဆက် ကြွေးကျန်တွေ များလွန်းလို့ အစိုးရအဖွဲ့ ဘာဆက်လုပ်မယ်ဆိုတာ ရှင်းပြဖို့ လွှတ်တော်က တောင်းဆိုလိုက်ပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကောင်စီက သဘောထား မှတ်ချက်ပေးရာမှာ လွှတ်တော်က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

စာရင်းစစ်ချုပ်ရုံးက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမ ၆ လပိုင်း နိုင်ငံတော် အရ အသုံးစာရင်းတွေ စစ်ဆေးပြီး တွေ့ရှိချက်တွေကို ပြည်သူ့ငွေစာရင်းကော်မတီက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက်အစီရင်ခံရင်း အခုလို သဘောထားမှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန ၁၅ ခုရဲ့ နှစ် အဆက်ဆက် ကြွေးကျန်တွေ ဖော်ပြထားရာမှာ ငွေကျပ်သန်းပေါင်း ၁ သန်း ၁ သိန်းနီးပါးနဲ့ အမေရိကန်ဒေါ်လာ ၁၉ သန်းခွဲလောက် ကျန်ရှိနေတာ ဖြစ်ပါတယ်။
ဒါဟာ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ဒေါ်လာသန်းပေါင်း ၁၁၀၀ လာက် ကြွေးကျန်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ငွေကျပ်သန်းပေါင်း ၄ သိန်းကျော်နဲ့ ကြွေးကျန် အများဆုံးကျန်ရှိနေပြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ငွေကျပ် သန်းပေါင်း ၂ သိန်း၇ သောင်း ကျော်နဲ့ ကြွေးကျန်အများဆုံးဌာနအနေနဲ့ ဒုတိယ ဖြစ်ပါတယ်။

ဝန်ကြီးဌာနတွေ နှစ်အဆက်ဆက်ကြွေးကျန်ဆိုရာမှာ ဘယ်နှစ်ကမှန်း မသိတဲ့ ကြွေးကျန်တွေကို အခု တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီးက ဖြေရှင်းပေးဖို့ ခက်လိမ့်မယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

“ဒါတွေက ၀ိုင်းရှင်းရမှာပဲ။ တခုရှိတာက အရင် ခေတ်အဆက်ဆက်က အကြွေးတွေကို လက်ရှိ ၀န်ကြီးဌာနက ဖြေရှင်းရမယ်ဆိုတော့ နည်းနည်းလေး ခက်မယ်နော်။ အသေးစိတ် ပြန်လိုက်ရဦးမှာပဲ။ မဟုတ်ရင် လက်ရှိတာဝန်ယူနေတဲ့သူတွေက ဟိုအရင်တုန်းက အကြွေးတွေကို ပြန်ပြီးသုံးသပ်ရမယ်ဆိုတော့လည်း လုပ်ရကိုင်ရတာ တော်တော်လေးတော့ ခက်လိမ့်မယ်။ လုပ်တော့ လုပ်ရမှာပဲလေ ဘယ်လိုလုပ်မလဲ။ အကြွေးက တင်နေတာကိုး။ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့ ဖြေရှင်းဖို့ ခက်လိမ့်မယ်။ ဇစ်မြစ်တွေ ပြန်လိုက်ရမယ်။”

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကတော့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနတွေအနေနဲ့ ကြွေးကျန်တွေကို ပိုမို ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၁၂- ၁၃ ဘဏ္ဍာနှစ် အတွက် နိုင်ငံတော် ဘတ်ဂျတ် ရငွေ ကျပ် ၁၀ ထရီလီယံခွဲလောက်ရှိပြီး သုံးငွေက ၁၃ ထရီလီယံ ကျော်ရှိနေတဲ့အတွက် ဘတ်ဂျတ်လိုငွေ ၂ ထရီလီယံခွဲကျော် ရှိနေတယ်လို့လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013