မြဝတီမြို့တွင် ဆန္ဒပြဖမ်းဆီးခံရသူများ အာမခံမရ

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံရ သူတွေအတွက် အာမခံလျှောက်ထားရာမှာ မြို့နယ်တရားရုံးက ဧပြီ ၂၄ ရက်က ပယ်ချလိုက်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၀၀ကျော်ထဲမှာ ဆန္ဒပြပွဲမှာ မပါဝင်သူတွေ၊ လမ်းဘေးက ဓာတ်ပုံရိုက်သူတွေ၊ ဝန်းရံအားပေးသူတွေ၊ ဆန္ဒမဖော်ထုတ်မီ လက်ဖက်ရည်ဆိုင်နဲ့ လမ်းပေါ် သွားလာရင်း ဖမ်းဆီးခံခဲ့ရသူတွေပါဝင်ကြပါတယ်။
ဖမ်းဆီးခံရသူတွေအထဲက အသက် ၁၈ နှစ် မပြည့်သူတွေကို ကိုယ်ပိုင်ခံဝန်နဲ့ တချို့ကို လွှတ်ပေးတာတွေရှိသလို့ ကျန်ရှိသူတွေအတွက် အာမခံလျှောက်ထားမှုကို မြို့နယ် တရားရုံးက ပယ်ချလိုက်တာပါ။
ဖမ်းဆီးခံရတဲ့ ကလေးရဲ့မိဘနဲ့ နီးစပ်သူ တစ်ဦးက “ ဖမ်းဆီးခံရတဲ့ ကလေးတွေ အချုပ်နှောင်ကလွတ်ဖို့ ငွေပေးငွေယူရှိတယ်။ တစ်ဦးကို ကျပ်သိန်း ၂၀ ။ ၄၀ နဲ့ဆွဲထုတ်ရတာတွေရှိသလို ငွေကြေးအဆင်မပြေသူတွေအနေနဲ့ ရှိတာလေးတွေ ထုခွဲရောင်းချပြီး မိမိကလေးလွတ်မြောက်ဖို့ကြိုးစားနေရတာတွေ ရှိတယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီလကလို့ ဒီကနေ့အထိ မြဝတီမြို့မှာ ဖမ်းဆီးခံရသူ ၁၀၀ ကျော်ရှိပြီး တောင်ကလေး အကျဉ်းထောင်(ဘားအံ)၊ မြဝတီမြို့မရဲစခန်းအချုပ်မှာ ထိန်းသိမ်းခံထားရသူတွေနဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုရင်ဆိုင်နေရသူတွေ ရှိပါတယ်။
ဧပြီလ ၂၆ ရက်မှာ ၁၅ ယောက် တစ်ဖွဲ့ ရုံးထုတ်ဖို့ ရှိပြီး တရားလိုဘက်ကို အမှုနဲ့ ပတ်သက်ပြီး စတင် စစ်ဆေးသွားဖို့ရှိတယ်လို့ မြဝတီမြို့ ပြည်သူ့ရှေ့နေများအဖွဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။











