DVB Logo
Home
နိုင်ငံရေး
တရုတ်ကိုလိုနီ မဖြစ်စေဖို့ (ဆောင်းပါး)
DVB
·
April 25, 2021
တရုတ်ကိုလိုနီ မဖြစ်စေဖို့ (ဆောင်းပါး)
Donate to DVB

၁၉၈၅-၁၉၉၂ ခု ယူဂန္ဒာနိုင်ငံ  UNDP/IBRD ပရောဂျက်တာ၀န် ကျနော် ထမ်းဆောင်နေစဉ် လမ်းပန်းဆက်သွယ်ရေး ကမ္ဘာ့ဘဏ်ပရောဂျက်ထဲ တရုတ်ကုမ္ပဏီ စတင်ထိုးဖောက် ၀င်ရောက်လာပါတယ်။

၁၉၉၄-၂၀၀၄ ခုအတွင်း ကာဇတ်စတန်၊ ကီရဂစ္စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံတွေက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ပရောဂျက်တွေမှာ တာဝန်ထမ်းဆောင်ရတဲ့အခါမှာတော့ တရုတ်ချေးငွေတွေကို ကိုယ်တိုင် ကိုင်တွယ်ထိတွေ့ ထမ်းဆောင်နေရပြီ ဖြစ်ပါတယ်။

မိုင်ထောင်ချီ‌ဝေးတဲ့ နယ်ခြားမြေခြားတွေမှာ တရုတ်အတော်များများ စီးပွားရေးနယ်ချဲ့လာကြပါတယ်။ ၂၀၀၁-၂၀၀၃ ဘောဆွားနားနိုင်ငံမှာ  ကမ္ဘာ့ဘဏ်ပရောဂျက်အောက် ဝန်ကြီးအကြံပေးအဖြစ် တာဝန်ကျတဲ့အခါ တရုတ်စီးပွားရေး အာဖရိကမှာ အခြေချလာတာကို မျက်မြင်ကိုယ်တွေ့ပါ။ ၂၀၁၇-၂၀၁၈ ဂါနာနိုင်ငံ အခွန်ဦးစီးဌာန အရာရှိတွေကို ဂျာမန်ပရောဂျက်တစ်ခုနဲ့ ကျနော် အကြံပေးသင်တန်းပို့ချရသောကာလမှာတော့ အာဖရိကတိုက်တခုလုံးကို တရုတ်က ချုပ်ကိုင်အုပ်စီးမိထားပါပြီ။ အာဖရိကတိုက်တခုလုံးကို အနောက်နိုင်ငံတို့  ဩဇာတိုးမပေါက်တော့ပါ

၂၀၁၄-၂၀၁၅ မှာ ဂျာမန်ပရောဂျက်နဲ့ တောင်ကြီးမြို့ကိုရောက်တော့ တရုတ်စီးပွားရေးသမားတွေ ကျနော်တို့တည်းတဲ့ဟိုတယ်မှာ အဝင်အထွက်များနေတာ တွေ့ခဲ့ရတယ်။ နောက် ဗြိတိသျှရံပုံငွေ ပရောဂျက်နဲ့ ၂၀၁၈-၂၀၁၉ မှာ မြန်မာကို ထပ်ရောက်တော့ တရုတ်ပိုးလမ်းမပရောဂျက်နဲ့ ဒက်ထိတိုးပါလေပြီ။ ထားဝယ်ဆိပ်ကမ်းနဲ့ SEZ အတွက် တာဝန်တခုနဲ့ ခဏသွားတော့ အဲဒီဘက်မှာ တရုတ်တွေ ခြေချင်းလိမ်လို့။

မြန်မာနိုင်ငံတွင်း တရုတ်အရင်းအနှီးက ၂၀၁၀ မှာ ဒေါ်လာ ၂၁ ဒသမ ၅ ဘီလီယံရှိပါတယ်။ အရပ်သားအမည်ခံ အစိုးရလက်ထက် ၂၀၁၀-၂၀၁၅ အတွင်း ဒေါ်လာ ၁၂ ဒသမ ၇ ဘီလီယံ ပမာဏ တက်လာတယ်။ အဓိကတရုတ်တို့ ဦးစားပေးရင်းနှီးမြှုပ်နှံတာက စွမ်းအင်ကဏ္ဏ ၅၇ ရာခိုင်နှုန်းနဲ့ ဓာတ်သတ္တုတူးဖော်ရေးမှာ ၁၈ ရာခိုင်နှုန်းပါ။ လယ်ယာနဲ့ အခြားကဏ္ဍက ၈ ရာခိုင်နှုန်းမျှသာ။ ဥပမာ မြစ်ဆုံရေအားလျှပ်စစ် ပရောဂျက်တခုထဲကပင် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး  ရေလှောင်တမံဧရိယာအကျယ်၀န်းက စင်ကာပူနိုင်ငံထက်ပင် ကြီးပါတယ်။

၁၇၀၀ ကီလိုမီတာရှည်လျားတဲ့ တရုတ်-မြန်မာစီးပွားရေး စင်္ကြံလမ်းမကြီးက တရုတ်ယူနန်နယ်မှစပြီး မန္တလေးဖြတ်ကာ ကျောက်ဖြူဆိပ်ကမ်းအထိ ရှည်လျားတယ်။ အမြန်မီးရထားလမ်း စီမံကိန်းလည်း ပါဝင်ပြီး၊ မန္တလေး မူဆယ်လမ်းကိုလည်း အဆင့်မြှင့် ပြုပြင်ဖောက်လုပ်ဖို့လည်း ပါ၀င်တယ်။ ကီလိုမီတာ ၇၇၀ ရှည်လျားတဲ့ ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်းပရောဂျက်က ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတယ်။ တရုတ်ရဲ့ အကြွေးထောင်ခြောက်က  မြန်မာတနိုင်ငံလုံး တင်ရှိနေတဲ့ အကြွးပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။                                                                                                             မြစ်ဆုံရေကာတာစီမံကိန်းက ဧရာဝတီရဲ့ ရေကြောင်းစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်မှုတွေ ဖြစ်လာမှာမို့ ပညာရှင်တွေ မီဒီယာတွေက စိုးရိမ်ပူပန်စွာနဲ့ အမျိုးသားရေးကိစ္စအဖြစ် ကန့်ကွက်ခဲ့ကြတယ်။

NLD ပြည်သူ့အစိုးရလက်ထက်မှာလည်း တချို့မဟာပရောဂျက်ကြီးတွေကို ချုံ့ပစ်၊ တချို့ကို ဆက်လက် ဆိုင်းငံ့ထားတာ တွေ့ရတယ်။ စစ်အစိုးရလက်ထက်ကစလိုက်တဲ့ မဟာပရောဂျက် (mega project) တွေဟာ စီးပွားရေး လူမှုရေး (socio-economic impact assessment) စိစစ်မှုနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုစိစစ်မှု (environmental impact assessment) ကောင်းစွာမလုပ်ခဲ့တဲ့အတွက် ပရောဂျက်ဒီဇိုင်း ပြန်လည်စိစစ်ဖို့တွေ လိုအပ်နေတာ အမှန်ပါပဲ။

၁၉၈၈ နောက် အာဏာသိမ်းစစ်အစိုးရလက်ထက်ကစပြီး တရုတ်ဆီက စစ်လက်နက်ပစ္စည်းတွေကို အကြွေးနဲ့ ဝယ်ယူခဲ့ပါတယ်။ ၂၀၁၄ မှ ၂၀၁၈ ခုအတွင်း တင်သွင်းခဲ့တဲ့ စစ်လက်နက်ပစ္စည်း ၆၁ ရာခိုင်နှုန်းက တရုတ်မှ ဖြစ်တယ်။ မြန်မာမှာ တရုတ်ရဲ့ စီးပွါးရေးရင်းနှီးမြှပ်နှံမှုကလည်း ထိပ်ဆုံး  ၂၅ ရာခိုင်နှုန်း ရှိပါတယ်။

နိုင်ငံရေးအားဖြင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖဲချပ်ကို ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် တရုတ်က ပါးနပ်စွာကိုင်ထားတယ်။ ဝ၊ မုန်းလ၊ ကိုးကန့်နယ်တို့က ယူနန်ပြည်နယ်နဲ့ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နီးစပ်မှုရှိပြီး တရုတ်ဘာသာစကား တရုတ်ငွေကြေးတို့ သုံးစွဲ ရောင်းဝယ်ဖောက်ကားကြတယ်။ အင်အားကြီးလာတဲ့ ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSP) ကို တရုတ်က နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှာ လိမ်မာပါးနပ်စွာ ဆက်ဆံကိုင်တွယ်ထားပါတယ်။

မြန်မာ့ရှစ်လေးလုံးအရေးအခင်းဖြစ်ပြီး တနှစ်ကျော် ၁၉၈၉ မေ-ဇွန်လအတွင်း ဖြစ်ပွားတဲ့ ပေကျင်း ရင်ပြင်နီကျောင်းသားအရေးအခင်းနဲ့ပတ်သက်လို့ ထောက်လှမ်းရေး ခင်ညွန့်က ရန်ကုန်က တရုတ်ပရောဂျက်မှာ တရုတ်အင်ဂျင်နီယာတွေကို တရုတ်အစိုးရနဲ့အတူ မိမိတို့ ထပ်တူရှိကြောင်း မိန့်ခွန်းနဲ့ အစပြုပြီး ဆွေမျိုးပေါက်ဖော် အထူးဆက်ဆံရေး ပြန်လည်စတင်ခဲ့တယ်။

ရလဒ်က ၁၉၈၉ အောက်တိုဘာမှာ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုးရှိ တိုက်လေယာဉ်နဲ့ လေယာဉ်ပစ်အမြောက်၊ တင့်ကား၊ ဆက်သွယ်ရေး တရုတ်စစ်လက်နက်ပစ္စည်းတွေ တင်သွင်းဖို့ မြန်မာစစ်တပ်က တရုတ်ချေးငွေ ရလိုက်ခြင်းပါ။

နိုင်ငံတကာမျက်နှာစာတွေကိုကြည့်ရင်လည်း တရုတ်က စီးပွားရေးကို ဦးစားပေးတည်ဆောက်ပြီး အနောက်နိုင်ငံတွေနဲ့ ပခုံးချင်းယှဉ်ဖို့ ကြိုးစားနေတာ တွေ့ရပါမယ်။ အာရှရင်းနှီးမြှပ်နှံမှုဘဏ် (AIB) ကို တည်ထောင်ပြီး၊ စီးပွားရေးအုတ်မြစ်ပေါ်ကတဆင့် စစ်ရေးနဲ့ နိုင်ငံရေးဩဇာ ထူထောင်လာပါတယ်။

နယ်မြေစိုးမိုးရေးအတွက် ကမ္ဘာပတ်ပိုးလမ်းမပရောဂျက်ကို စတင်တယ်။ တရုတ်ချေးငွေကို ဗုံးပေါလအောပေးပြီး၊ ကာယကံရှင်နိုင်ငံတွေ အကျိုးအမြတ်နည်းသလို ပြန်ပေးဆပ်နိုင်စွမ်းမရှိမှု ကြုံရတယ်။ သီရိလင်္ကာဆိပ်ကမ်းပရောဂျက်ဆိုရင် ကာယကံအိမ်ရှင်နိုင်ငံက ကြွေးမဆပ်နိုင်လို့ တရုတ်လက်ထဲ လုံးဝထိုးအပ်လိုက်ရတာ ဟိုးလေးတကျော်ပါပဲ။

ကျနော့်အတွေ့အကြုံကတော့ မြန်မာမှာ ပိုးလမ်းမစီမံကိန်းကို မဖြစ်မနေ ဆောင်ရွက်ရမယ်ဆိုရင်လည်း၊ ပရောဂျက်ကျခံငွေကို နိုင်ငံတကာတင်ဒါခေါ်ယူဖို့နဲ့ တရုတ်ရဲ့ပြင်ပ တခြားချေးငွေ ရှာကြံဖို့တိုက်တွန်းခဲ့ဖူးပါတယ်။ တရုတ်ကတော့ အိန္ဒိယကို ဝိုင်းပတ်ထားရေးနဲ့ အရှေ့တောင်အာရှစီးပွားရေးကို အသုံးချဖို့အတွက်  မြန်မာက ကျောက်ဖြူဆိပ်ကမ်း(SEZ)နဲ့ ထား၀ယ်ဆိပ်ကမ်း(SEZ) တို့က သူ့အတွက် မဟာဗျူဟာအရေးပါနေပါတယ်။ ဒါကြောင့်ပဲ မြန်မာနိုင်ငံတွင်း နိုင်ငံရေးတည်ငြိမ်ရေး၊ သဘာဝသယံဇာတနဲ့  စွမ်းအင်ရရှိရေးတို့က တရုတ်အတွက် အရေးကြီးပါတယ်။

တရုတ်က မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် တည့်အောင်ပေါင်းမှာပါပဲ။ သို့သော် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ လေးစားတဲ့အစိုးရ တက်ရင်၊ အနောက်နိုင်ငံနဲ့ နီးစပ်သွားလို့ တရုတ်တို့ ဘာကိုမှ အချောင်နှိုက်လို့ ရမှာမဟုတ်။ လက်ရှိ စစ်အာဏာရှင်နဲ့ဆိုရင်တော့ သူတို့ကို နိုင်ငံတကာမှာ အကာအကွယ်ပေးထားပြီး၊ တိုင်းပြည်သဘာဝသယံဇာတ အရင်းအမြစ်တွေကို တရုတ်က ဈေးပေါပေါနဲ့  ရနိုင်ခွင့်ရှိနေမယ်။ ယူနန်ကုန်းပိတ်ဒေသအတွက် ပင်လယ်ထွက်ပေါက်အဖြစ် မြန်မာကို ယူသွားမှာပဲ ဖြစ်တယ်။ အခုအခါမှာ တရုတ်က အာဆီယံကို ချည်းကပ်ပြီး စစ်ဗိုလ်ချုပ်တွေကို အချိန်ဆွဲပေးထားဖို့၊ တဖြည်းဖြည်း စစ်ကောင်စီကို တရားဝင်မှုပေးဖို့ ညှိနှိုင်းအဖြေရှာ ထွက်ပေါက်ပေးဖို့ ကြံစည်နေပါတယ်။

တချက်ကလည်း တရုတ်က မြန်မာတနိုင်ငံလုံး တရုတ်မုန်းတီးရေး ပိုမိုကြီးထွားလာပြီး၊ တရုတ်စီးပွါးရေး ရေရှည် ထိခိုက်မှန်းသိပါလျက် စစ်သူပုန်တွေကို အကာအကွယ်ပေးနေတာက အနောက်ကြောက်ရောဂါ ကြောင့်လည်း ဖြစ်လိမ့်မယ်။ စစ်သူပုန်ကလည်း တရုတ်က အကာအကွယ်မပေးရင် ခွေးပြေးဝက်ပြေး ပြေးရမည်မှန်းသိတော့ တရုတ်အကာအကွယ်ကို ကောက်ရိုးတမျှင်မျှ ဖမ်းဆုပ်ထားမှာပါပဲ။ ဒီသုံးလအတွင်းမှာတော့ သစ်ကားတွေ ကျောက်မျက်ကားတွေ ယူနန်ဘက် အုံလိုက်တက်နေတာလည်း အားလုံးအသိပါပဲ။

ဒါကြောင့် မြန်မာနိုင်ငံ တရုတ်ကိုလိုနီအောက် လုံးဝ မကျရောက်ဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဒီမိုကရေစီလူထု၊ ဖက်ဒရယ်တပ်မတော်တို့ နွေဦးတော်လှန်‌ရေးကို ဟန်ချက်ညီညီ ဆက်တိုက်ပြီး၊  စစ်သူပုန်တွေကို အဆုံးသတ်ဖြိုချကြရမှာပဲ ဖြစ်ပါတယ်။

မျိုးညွန့် (မက္ကရိုစီးပွားရေးပါရဂူ)

Photo Credit- Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013